Mukbang သမားတွေ အစားပိုစားပြရင် ဒဏ်ငွေနင့်အောင်ဆောင်ရမယ့် တရုတ်ဥပဒေအသစ်

Douyin

Mukbang show တွေကို ကျွန်တော်တို့တွေ ခဏခဏကို ကြည့်ဖူးကြပါလိမ့်မယ်။ တစ်ယောက်စာထက်ပိုတဲ့ အစားအသောက်တွေကို အားပါးတရ ပလုတ်ပလောင်းနဲ့ စားစားပြတဲ့အစီအစဉ်တွေပေါ့။

နိုင်ငံတကာမှာ mukbanger တွေရှိပေမယ့်လို့ ထူးထူးခြားခြားနဲ့ ပိုပြီးစားပြနိုင်တာကတော့ တရုတ်က mukbanger တွေလို့ ဆိုရမှာပါပဲ။ သူတို့စားလိုက်ရင် အမြဲတမ်းပေပွပြီး အားရပါးရစားပြတဲ့အပြင်ကိုမှ စားပြတဲ့ အစားအသောက်တွေဆိုရင်လည်း နီရဲပြီးစပ်ပြဲနေတဲ့ ငရုတ်သီးတွေကို ထမင်းနဲ့နယ်စားပြတာတို့၊ ဘာမှန်းမသိတဲ့ ရေသတ္တဝါတွေကို အရှင်လိုက်စားပြတာတို့၊ လူ ၁၀ ယောက်စာတို့ကို တစ်ယောက်တည်းကပဲ အပြတ်ဖြတ်သွားတာတို့ စသဖြင့် ထူးထူးဆန်းဆန်းဆိုတော့ တရုတ်က mukbanger တွေက ပိုပြီးတော့ အောင်မြင်လျက်ရှိနေကြပါတယ်။

Douyin

၂၀၂၀ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ အစားအသောက်ဥပဒေအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဥပဒေကြောင့် Douyin တို့၊ Tiktok တို့မှာ viewer တွေများပြီး ဝင်ငွေလည်း တော်တေော်များနေတဲ့ တရုတ်နိုင်ငံက mukbanger တစ်ချို့ မျက်ခုံးလှုပ်ခဲ့ကြရပါတယ်။

ဥပဒေကတော့ အစားပိုစားတဲ့လူတွေကို အရေးယူမယ်ဆိုတဲ့ ဥပဒေပါပဲ။ စစချင်းမှာတော့ buffet ဆိုင်တွေမှာ အရင်ဆုံးဥပဒေကို အသက်သွင်းခဲ့ပါတယ်။ မစားနိုင်ဘဲ အပိုတွေယူယူပြီး မကုန်တဲ့ လူတွေကို ဒဏ်ငွေဆောင်ရမယ့်အပြင်ကိုမှ ကိုယ်အလေးချိန်နဲ့လိုက်ပြီးတော့ ဂရမ်အလိုက်ပဲ အစားအသောက်တွေကို ရောင်းပေးတာမျိုးအထိတောင် လုပ်ခဲ့တာပါ။ နောက်ပိုင်း mukbanger လောကကိုပါ ထိန်းသိမ်းသွားမယ်လို့ အသံတွေ ကြားနေခဲ့ရပေမယ့်လို့ တရားဝင်ဥပဒေ မထုတ်သေးတာကြောင့် နည်းနည်းလေး ငြိမ်နေခဲ့ကြတာပါ။

Douyin

အခု South China Morning Post ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံမှာ အစားတွေကို မလိုအပ်ဘဲ ပိုပြီး စားပြမယ်ဆိုရင် ဒဏ်ငွေ ယွမ် ၁ သိန်းအထိ ဆောင်ရမယ်ဆိုတဲ့ ဥပဒေတစ်ရပ် တရားဝင်ထွက်လာခဲ့ပါပြီတဲ့။ မြန်မာငွေနဲ့တွက်မယ်ဆိုရင် သိန်း ၂၀၀ လောက်အထိ သွားကျနေပါတယ်။

penny

SHARE