အမှိုက်ပြဿနာတွေကြောင့် ဧ၀ရတ်တောင်ခြေစခန်းကို ပိတ်လိုက်တဲ့ တရုတ်

တရုတ်အာဏာပိုင်တွေဟာ ၄င်းဘက်ခြမ်းက ဧ၀ရတ်တောင်ဆီသွားတဲ့ အဓိကတောင်ခြေစခန်းကို အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံ တိဘက်က ဧ၀ရတ်တောင်ခြေစခန်းမှာ တောင်တက်ပါမစ်မပါတဲ့ တောင်တက်သမားတွေကို တက်ရောက်ခွင့်ပိတ်ပင်မှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ ၄င်းတောင်ခြေစခန်းမှာ စုပုံနေတဲ့ အမှိုက်တွေကိုလည်း ရှင်းလင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

သာမန်ဧ၀ရတ်တောင်ကို အလည်လာတဲ့ ဧည့်သည်တွေကို (၁၇,၀၆၀) ပေအမြင့်မှာရှိတဲ့ တောင်ခြေစခန်းထိ ပေးမတက်တော့ပဲ စခန်းရဲ့ အောက်ဘက်မှာရှိတဲ့ ရွန်ဘုခ် ဘုန်းကြီးကျောင်းထိပဲ သွားရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဧ၀ရတ်တောင်ခြေစခန်းဟာ ကားနဲ့ သွားလို့ရနေတာကြောင့် တောင်တက်သူတွေအကြားမှာတော့ ရေပန်းစားလို့ နေပါတယ်။

Xinhua News Agency/ PA Images

ခရီးသွားလုပ်ငန်းမှ တန်ဝူဆိုသူကတော့ အဓိကနေရာတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေအတွက် ရက်အကန့်အသတ်မရှိ ပိတ်ထားမှာ ဖြစ်ကြောင်း ပြောပြပါတယ်။ အဓိကနေရာတွေ ဆိုတာကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၅,၂၀၀) မီတာကနေ စလို့ အပေါ်ပိုင်းတွေ ဖြစ်ပါတယ်။ တောင်ခြေစခန်းပိတ်ပင်မှုနဲ့ ပတ်သက်လို့ အသိပေးချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာမှာကတည်းက ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

၎င်း အသိပေးချက်ထဲမှာတော့ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက လုပ်ဆောင်ခဲ့တဲ့ သန့်ရှင်းရေးထဲမှာ အဓိကနေရာက အမှိုက်တန်ချိန် (၈.၄) တန်ကို စုဆောင်းရရှိခဲ့ပြီး အမှိုက်တွေထဲမှာ လူသားတွေရဲ့ မစင်တွေအပါအ၀င် တောင်တက်သမားတွေ ကျန်ခဲ့တဲ့ တောင်တက်ပစ္စည်းတွေလည်း ပါဝင်ကြောင်း ပြောပြပါတယ်။

Shutterstock

ဧ၀ရတ်တောင်ရဲ့ အစိတ်အပိုင်းတွေဟာ တရုတ်နိုင်ငံနဲ့ နီပေါနိုင်ငံတွင်းမှာ ရှိတာကြောင့် ၄င်းနေရာတွေကို တောင်တက်သမားတွေ အလာများပါတယ်။ တရုတ်နိုင်ငံတောင်တက်အဖွဲ့အစည်းကတော့ သူတို့ဘက်ခြမ်းက တောင်ခြေစခန်းကို (၂၀၁၅) ခုနှစ်မှာ လူဦးရေ (၄၀,၀၀၀) လာရောက်ကြကြောင်း ထုတ်ပြန်ထားပြီး နီပေါတောင်ခြေစခန်းကိုတော့ (၂၀၁၆) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်ကြားမှာ လူဦးရေ (၄၅,၀၀၀) လာရောက်ကြကြောင်း သိရပါတယ်။

တရုတ်နိုင်ငံနဲ့ နီပေါဘက်က အာဏာပိုင်တွေကတော့ သူ့အစီအစဉ်နဲ့သူ အမှိုက်တွေကို ခွဲခြားပြီး ပြန်လည်သန့်စင်အသုံးပြုဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ဇန်န၀ါရီထဲမှာတော့ အာဏာပိုင်တွေဟာ တောင်ပေါ်တက်ရောက်မယ့် တောင်တက်သမားဦးရေကို တစ်နှစ်ကို အယောက်(၃၀၀) ပဲ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်ထဲမှာတော့ တောင်တွင်းရှင်းလင်းရေးအဖွဲ့တွေဟာ ဧ၀ရတ်တောင်ရဲ့ပင်လယ်ရေမျက်နှာပြင်အထက် (၂၆,၂၄၆) ကျော် လေထုပါးလွှာလွန်းပြီး  အန္တရာယ်များတဲ့ သေမင်းဇုံအတွင်းမှာ သေဆုံးခဲ့ကြတဲ့ တောင်တက်သမားတွေရဲ့ ရုပ်အလောင်းကိုပါ ပြန်လည်ရှာဖွေကြမယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

READ
ကမ္ဘာ့ချစ်စရာအကောင်းဆုံးတိရိစ္ဆာန်လေးတွေအဖြစ် သတ်မှတ်ခံနေရတဲ့ Quokkas

Ref: Dailymail

SHARE