ဘဲကျောင်းသားဘ၀ကနေ နှစ်(၂၀) ကြာပြီးနောက် ပါရဂူဘွဲ့ယူနိုင်ခဲ့တဲ့ အမျိုးသားကြီး

အထက်တန်းကျောင်းထွက်ပြီး မိသားစုကို ကြည့်ရှုစောင့်ရှောက်ရင်းနဲ့ ပါရဂူဘွဲ့ ရယူနိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းဟာ တရုတ်နိုင်ငံပိုင် သတင်းစာတွေမှာ လူအများ အားကျအတုယူဖွယ်အဖြစ် ဖော်ပြခြင်း ခံနေရပါပြီ။ ထိုအမျိုးသားကြီးကတော့ တရုတ်နိုင်ငံတောင်ပိုင်းက တက္ကသိုလ်တစ်ခုမှာ စာသင်နေတဲ့ ပါမောက္ခလီမင်ယုံပဲ ဖြစ်ပါတယ်။ အသက်(၄၁) နှစ်ရှိပြီဖြစ်တဲ့ လီဟာ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

လီဟာ ကျောင်းစာတော်ပေမယ့် အသက်(၁၆) နှစ်မှာတော့ ကျောင်းထွက်လိုက်ရပါတယ်။ မိသားစုဝင်တွေက နေထိုင်မကောင်းတာကြောင့် အိမ်ရဲ့ စီးပွားရေး ယိမ်းယိုင်လာပြီး လီအဖို့ အလုပ်ထွက် လုပ်ဖို့ ဖြစ်လာခဲ့တာပါ။ “ကျွန်တော် ပထမဆုံး ဆောက်လုပ်ရေး အလုပ်သမားအနေနဲ့ အလုပ်လုပ်ပါတယ်။ ပြီးတော့ ကျွန်တော် အိမ်မှာ ဘဲတွေမွေးထားတယ်။ ဘဲကျောင်းပြီး ဆေးရွက်ကြီးတွေလည်း စိုက်ပါတယ်။ မိသားစုကလည်း အကြွေးတွေ တင်နေတော့ အကြွေးတွေဆပ်ဖို့ (၅) နှစ် နီးပါးလောက် အလုပ်မျိုးစုံလုပ်ရင်း ကျင်လည်လာခဲ့တာပါ။” လို့ လီက သတင်းစာကို ပြောပြပါတယ်။

Photo: Baidu

(၁၉၉၉) ခုနှစ်မှာတော့ လီဟာ ကွေ့ကျိုးပညာရေး တက္ကသိုလ်မှာ လုံခြုံရေးအစောင့်အဖြစ် အလုပ်,လုပ်ပါတယ်။ လုံခြုံရေးလုပ်ရင်း တက္ကသိုလ်ပရ၀ုဏ်ကို ကြည့်ပြီး သဘောကျတာကြောင့် အဆက်ပြတ်နေတဲ့ သူ့ပညာရေးကို ပြန်စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လုံခြုံရေးလုပ်နေရင်း (၂) နှစ်လောက်ကို အလုပ်ချိန်ပြင်ပမှာ စာဖတ်ရင်း ဒီပလိုမာလေးတစ်ခု ရယူခဲ့ပါတယ်။ ဒါပေမယ့် လီက ဒီလောက်နဲ့ မတင်းတိမ်နိုင်ပါဘူး။ သူတကယ်ဖြစ်ချင်တာက တက္ကသိုလ်ဆရာပါ။ ဒါကြောင့် self-taught သမားတွေအတွက် သီးသန့် အထက်တန်းစာမေးပွဲတွေ ပြန်ဖြေပြီး ဘွဲ့ရအောင် ယူပါတယ်။ အိမ်မှာ မမာမကျန်းဖြစ်နေတဲ့ ဖခင်ကြီးကို ကြည့်ရှုနေရင်းနဲ့ပဲ မာစတာဘွဲ့ဆီ တက်လှမ်းကာ ပါရဂူဘွဲ့တိုင်အောင် အဆင့်ဆင့် ရယူခဲ့တာ ဖြစ်ပါတယ်။

READ
Single ဖြစ်ရတာကို လုံးဝမရှက်သင့်တဲ့ အကြောင်းအရင်း(၅)ခု
China.org.cn

လီက “ကျွန်တော် အင်္ဂလိပ်စာအဆင့်က လုံးဝ သုညရှိခဲ့ပါတယ်။ ကျွန်တော် အင်္ဂလိပ်စာလုံးပေါင်း ထောင်ချီပြီး အလွတ်ကျက်ရပါတယ်။ ၀င်ခွင့်စာမေးပွဲကျလို့ ပြန်ဖြေရတာလည်း ရှိတယ်။ ၀င်ခွင့်ဖြေတာ (၂) ခါ ကျဖူးပါတယ်။ တစ်ကြိမ်မှာလည်း အရမ်းဖျားလွန်းလို့ ဖတ်နေတဲ့ စာတွေတောင် နှစ်ထပ်ဖြစ်နေတာ။” လို့ ပြောပြပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကြိုးစားနေသူအတွက် အမြဲတမ်းနေရာတစ်နေရာ ရှိနေပါတယ်ဆိုတဲ့ အဆိုဟာ လီအတွက် မှန်ကန်နေပါပြီ။ (၂၀၁၅) ခုနှစ်မှာတော့ လီဟာ Central China Normal University မှာ ပါရဂူဝင်ခွင့် စာမေးပွဲအောင်ခဲ့ပြီး ယခုနှစ်နွေရာသီမှာတော့ ပါရဂူဘွဲ့ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Photo: Baidu

လက်ရှိမှာတော့ လီဟာ ကွေ့ကျိုးပညာရေးတက္ကသိုလ်မှာ ယဉ်ကျေးမှုနဲ့ မီဒီယာကျောင်းမှာ စာသင်ကြားလျက်ရှိနေပါတယ်။ လီရဲ့ အောင်မြင်ခြင်း အခြေခံအချက်တွေက ဘာတွေလဲလို့ မေးမြန်းတဲ့အခါမှာတော့ လီက ကိုယ့်ကိုကိုယ်ယုံကြည်မှု၊ စည်းကမ်းရှိမှုနဲ့ မဆုတ်မနစ်ကြိုးစားမှုတို့ကြောင့်ပါလို့ ဆိုပါတယ်။ “ကျွန်တော့်ကို ကျွန်တော် အရမ်းကြီး အတုယူထိုက်တဲ့လူထဲမှာ ပါတယ်လို့တော့ မထင်ပါဘူး။ လူတိုင်းက ပန်းတိုင်ထားနိုင်ပါတယ်။ အဲဒီပန်းတိုင်ကို သွားဖို့ ကျရှုံးမှုတွေလည်း ရှိမှာပဲ။ ဒါပေမယ့် မစွန့်လွှတ်ပဲ ဆက်တိုက် ကြိုးစားနေဖို့ပဲ၊ အနည်းဆုံးတော့ ပန်းတိုင်မရောက်ရင်တောင် ပန်းတိုင်နဲ့ နီးတဲ့နေရာတော့ ရောက်မှာပဲလေ။” လို့ လီက ပြောပြခဲ့ပါတယ်။

READ
ဘာသာစကားအမျိုးမျိုးကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့ အားကျဖွယ်ယာဉ်ထိန်းရဲ

လင်းလင်း (ShweMom)

Ref: scmp, asiaone

SHARE