မိဘတာဝန်ခွဲမယူချင်တဲ့လင်မယားကို ကွာရှင်းခွင့်မပေးတဲ့ တရုတ်နိုင်ငံကတရားသူကြီး

pixabay

ယနေ့ခေတ်မှာ အိမ်ထောင်ပြုတာလည်း ရှေးတုန်းကထက် လွယ်လွယ်ကူကူစဉ်းစားပြီး ပြုကြသလို လင်မယားအဖြစ်မှာ ကွာရှင်းဖို့ အကြောင်းတရားတွေကလည်း တစ်နေ့ထက်တစ်နေ့များသထက်များလာကြပါတယ်။ လူမှုရေးဖောက်ပြန်တာ၊ ငွေကြေးအဆင်မပြေတာ၊ တစ်ဖက်အသိုင်းအဝိုင်းနဲ့တစ်ဖက် ဘယ်လိုမှညှိနှိုင်းလို့မရကြတာတွေအပြင် အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ထောင်ကွဲတွေများလာသလို အိမ်ထောင်တစ်ဆက်ပြီးတစ်ဆက် ထပ်ကာထူထောင်သူတွေ ရာခိုင်နှုန်းပိုများလာကြပါပြီ။

တရားရုံးမှာ တရားဝင်လက်ထပ်ထားခဲ့ကြပြီး စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ကွာရှင်းတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ပြောတာမဟုတ်ပေမယ့် အရင်ဆုံး အိမ်ထောင်ပြုမယ်ဆိုရင်တော့ အဖက်ဖက်ကိုထောင့်စေ့အောင် စဉ်းစားပြီးကာမှ လက်ထပ်ဖို့အတွက် နှစ်ယောက်သားခေါင်းငြိမ့်ကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ အကယ်၍ ဘယ်လိုမှမတတ်သာတဲ့အဆုံး ကွဲကြကွာကြတော့မယ်ဆိုရင်တောင် ကလေးမရှိရင် ဘာမှ ထွေထွေထူးထူးစဉ်းစားစရာမလိုအပ်ပေမယ့် လူနှစ်ယောက်ရဲ့သွေးသားနဲ့ ဖြစ်တည်လာတဲ့ ရင်သွေးလေးတွေ ရှိနေခဲ့ရင်တော့ သူတို့အတွက် ဦးစားပေးစဉ်းစားပေးဖို့ လိုအပ်လာပါပြီ။

pixabay

ယနေ့ခေတ် ကလေးတွေကြောင့် သည်းခံပြီးအိမ်တွင်းအကြမ်းဖက်မှုကို သည်းခံနေတာတို့၊ လက်တွဲဖော်ရဲ့ဖောက်ပြားခြင်းကို ငြိမ်ခံနေရတာဆိုပြီး ကလေးတွေကို “နင်တို့ကြောင့်” ဆိုပြီးလည်း အပြစ်ဖို့မနေသင့်ပါဘူး။ အဓိကက လူကြီးချင်းကွဲကြကွာကြတဲ့ ကိစ္စမှာ ကိုယ့်ရင်သွေးလေးတွေကို ဓားစားခံမဖြစ်ဖို့အတွက် လူဆန်ဆန်စဉ်းစားပေးဖို့က ကွာရှင်းမှုမှာ အရေးအကြီးဆုံးလုပ်ဆောင်ရမယ့်အချက်ပါပဲ။

တကယ်တော့ ကလေးတွေဟာ ကွာရှင်းမှုရဲ့ သားကောင်လေးတွေပါ။ လူကြီးတွေရဲ့ပြဿနာကြားမှာ မြေစာပင်ဖြစ်ခဲ့ကြသလို သေချာနားလည်အောင်ရှင်းပြပေးမယ့် လူကြီးမိဘတွေနဲ့ စိတ်ဓာတ်မယိုင်နဲ့အောင်ကူညီပေးမယ့် အသိုင်းအဝိုင်းမရှိပါကလည်း ဘဝတစ်လျှောက်လုံးအတွက် အရမ်းကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့က ဘယ်လိုပဲ လူကြီးနှစ်ယောက်ကွာရှင်းရှင်း၊ ကလေးအတွက်ကတော့ အဖေနဲ့ အမေဖြစ်နေတာကြောင့် တတ်နိုင်ရင် ဖခင်ကလည်း တစ်ဖက်တစ်လမ်းကနေ ဖခင်တာဝန်ကျေပွန်ပေးနိုင်သလို မိခင်ကလည်း ကလေးကိုလမ်းမှားမရောက်အောင်လို့ အမြဲလိုလို ပဲ့ကိုင်ပေးနေရမှာပါ။

READ
ဖောက်ပြန်နေမိကြောင်းကို အသေးစိတ်ရေးသားပြီး ချစ်သူဆီမှားပို့မိတဲ့ အမျိုးသမီး

သို့ပေမယ့် တရုတ်ပြည်က လင်မယားနှစ်ယောက်ကတော့ သူတို့အချင်းချင်း ကွာရှင်းချင်တဲ့အပြင်ကို သူတို့ကြောင့် လူ့လောကထဲရောက်လာခဲ့တဲ့ လူမမယ်သားလေးကို တာဝန်ပါမယူချင်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

YouTube

ဒီသတင်းကို China Press သတင်းဌာနမှ ၂၀၁၉ ခုနျစ် မေ လ ၅ ရက်နေ့တုန်းက ဖော်ပြထားခဲ့တာပါ။ ထိုစုံတွဲဟာ ၂၀၁၅ ခုနှစ်တုန်းက ချစ်ခင်စုံမက်ကာလူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါတယ်။ လူငယ်တွေပီပီနှစ်ယောက်စလုံးကလည်း ဝင်ငွေလေးအသင့်အတင့်ရှိနေတာကြောင့် လူတန်းစေ့နေနိုင်သွားနိုင်လာနိုင်စားနိုင်အခြေအနေဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် မမျှော်လင့်ဘဲ အမျိုးသမီးဆီမှာ ကိုယ်ဝန်ရလာခဲ့ပါတယ်။

ကလေးတစ်ယောက်ကို မွေးဖို့၊ ထိန်းသိမ်းဖို့ဆိုတာ မလွယ်ကူမှန်း အားလုံးသိထားပြီးကြမှာပါ။ ရင်သွေးလေးလူ့လောကမရောက်ခင် သန္ဓေမတည်ခင်ကတည်းက ဖခင်နဲ့မိခင်အပြင် ဘေးပတ်ဝန်းကျင်ကလူတွေပါ အလုပ်တွေရှုပ်ကြရင်း အခန့်မသင့်ပြဿနာတွေပါ တက်တတ်ကြပါတယ်။ အဲဒီစုံတွဲလည်း ထိုနည်းတူစွာပါပဲ။

ကလေးလေးမွေးလာတဲ့အချိန်မှာတော့ အိမ်အလုပ်တွေ၊ ဝင်ငွေကိစ္စတွေနဲ့ ကလေးဝေယျာဝစ္စတွေအတွက်တာဝန်ယူတာတွေ စတဲ့အခြေခံပြဿနာလေးတွေကအစ စကားများရန်ဖြစ်ခဲ့ရတာ နေ့စဉ်ရက်ဆက်ပဲလို့ ဆိုခဲ့ပါတယ်။ အရင်တုန်းက ချစ်ခင်ကြင်နာခဲ့သမျှဟာလည်း အခုအချိန်မှာတော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကြကာ တစ်ယောက်နဲ့တစ်ယေက်ကြားမှာ မကျေနပ်မှုတွေနဲ့ အမြင်မကြည်မှုတွေသာ ကျန်ခဲ့ပါတော့တယ်။

READ
အဖြေလွှာမှာအမှားကအစ တသွေမသိမ်းတူနေခဲ့ကြတဲ့ အိန္ဒိယကျောင်းကဖြစ်ရပ်တစ်ခု
YouTube

ဒါကြောင့် ဘယ်လိုမှနှစ်ယောက်တစ်အိမ်ထဲ မနေနိုင်တဲ့အဆုံး တရားရုံးမှာ ကွာရှင်းဖို့အတွက် ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ထိုစုံတွဲဟာ ကလေးမရှိရင်ပြဿနာမဟုတ်ပေမယ့် သားလေးရှိနေသေးတဲအတွက် တရားသူကြီးမှ အဲဒီကလေးကို ဘယ်သူကဘယ်လိုတာဝန်ယူမှာလဲဆိုတဲ့ မေးနေကျမေးခွန်းကို မေးတဲ့အခါမှာတော့ အမျိုးသမီးကလည်း အမျိုးသားကိုလွှဲချ၊ အမျိုးသားကလည်း အမျိုးသမီးကိုတာဝန်ယူခိုင်းနဲ့ ခေါင်းရှောင်ခဲ့ကြတာပါ။

ဒီလိုမျိုးလူမဆန်ပြီး တာဝန်ယူလိုစိတ်ကင်းမဲ့နေတဲ့ မိဘနှစ်ယောက်အတွက် တရားသူကြီးရဲ့ ပညာရှိဆန်ဆန်ဆုံးဖြတ်ချက်တစ်ခုကတော့ ကွာရှင်းခွင့်ကို လုံးဝမပေးလိုက်ဘဲ ပယ်ချခဲ့ပါတယ်။ ဒီကိစ္စဟာ မီဒီယာတွေရဲ့ထုတ်ဖော်မှုနဲ့ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပြီး တရားသူကြီးမရဲ့ပြောကြားချက်အရနောက်နောင် ကိုယ်မွေးထားတဲ့ကလေးကို နှစ်ယေက်စလုံးကခွဲဝေပြီး တာဝန်မယူခဲ့ရင် သူ့ဆီရောက်လာတဲ့ ဘယ်အတွဲကိုမှ ကွာရှင်းခွင့်ပေးမှာမဟုတ်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။

Source: China Press

Penny

 

 

SHARE