ကိုမာဖြစ်နေတဲ့ သားကို ဆယ်နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်နေခဲ့တဲ့ (၇၅) နှစ်အရွယ် အဖွားအို

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကားအက်ဆီးဒင့်မှုတစ်ခုကြောင့် သတိလစ်မေ့မြောနေခဲ့တဲ့ ၀မ်ရှုပေါင်ဆိုသူ အမျိုးသားတစ်ဦးဟာ (၁၂) နှစ်တာ ကြာပြီးနောက်မှာ သတိပြန်လည်လာခဲ့ပါတယ်။ သူ သတိပြန်ရရလာခြင်း ပထမဆုံး မြင်လိုက်ရမှာက သူ့ကို ကြည့်ပြီး မျက်ရည်တွေ စီးကျနေတဲ့ အသက်(၇၅) နှစ်အရွယ် သူ့မိခင်ကြီး ဝေမင်းယင်ပဲ ဖြစ်ပါတယ်။

Jining News

ဝမ်ရှုပေါင်ဟာ လွန်ခဲ့တဲ့ (၂၀၀၆) ခုနှစ်တုန်းက ရှန်ဒုံးပြည်နယ်မှာ ကားတိုက်မှုဖြစ်ခဲ့ရာကနေ ကာလရှည် မေ့မျောမှု (ကိုမာ) ဖြစ်သွားခဲ့ရတာပါ။ ကားတိုက်မှုဖြစ်ချိန်မှာ ၀မ်ရှုပေါင်ဟာ အသက်(၃၆) နှစ်ရှိပါပြီ။ ၀မ်ရှုပေါင်ရဲ့ ဖခင်ဟာ ၀မ်ရှုပေါင် ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့တာကြောင့် မိခင်ကြီးကပဲ တစ်ဦးတည်းတာဝန်ယူပြီး ရောဂါသည်သားကို ပြုစုလာခဲ့ရတာပဲ ဖြစ်ပါတယ်။ ဝေမင်းယင်ဟာ သူမ စုဆောင်းထားသမျှကို သားဖြစ်သူရဲ့ ဆေးကုသကုန်ကျစရိတ်အတွက် အားလုံးသုံးစွဲခဲ့တဲ့အပြင် ယွမ် (၁၂၀,၀၀၀) လောက်ပါ အကြွေးထပ်တင်နေရှာပါတယ်။ သားဖြစ်သူကို ဆေးကုပေးနေခဲ့ရာက တစ်ခါမှာတော့ ဝေမင်းယင်ဟာ ဆင်းရဲလွန်းလို့ တစ်လလုံးလုံး စားစရာမရှိတဲ့ အခြေအနေအထိ ရောက်ခဲ့ဖူးပါတယ်။

READ
မိန်းမကိုဓားနဲ့ထိုးပြီး ကိုယ်တိုင်ဆွဲကြိုးချသေခဲ့တဲ့ကလေး(၄)ယောက်ဖခင်
Jining News

ဝေမင်းယင်က နေ့တိုင်း မနက်(၅)နာရီမှာ အိပ်ရာထလေ့ရှိပြီး သူမရဲ့ တစ်နေ့တာကို အခုလို ကျော်ဖြတ်လေ့ရှိပါတယ်။ သားဖြစ်သူကို မနက်လင်းတာနဲ့ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပေးပြီး အစာကျွေးပါတယ်။ အပေါ့အလေးသွားတဲ့ ကိစ္စတွေကိုလည်း သူမပဲ လုပ်ပေးပါတယ်။ ပြီးတဲ့နောက် သားကို နှိပ်နယ်ပေးကာ အိပ်ရာထဲ အပူနာမိမှာစိုးလို့ ၀မ်ရှုပေါင်ရဲ့ ခန္ဓာကိုယ်ကို ဟိုဘက် ဒီဘက်လှည့်ပေးတာတွေအဆုံး လုပ်ကိုင်ပေးပါတယ်။ အမေတစ်ခု သားတစ်ခုဖြစ်တာကြောင့် သားဖြစ်သူကို နေ့နေ့ညည အပင်ပန်းခံပြုစုနေရပေမယ့် သူမဟာ မငြီးငြူခဲ့ပါဘူး။

တစ်ခါတစ်လေ ရေပဲသောက်ပြီး နေရတဲ့ အဖြစ်မျိုးလည်း ရှိခဲ့တာကြောင့် ဝေမင်းယင်ဟာ အခုဆိုရင် (၆၆) ပေါင်ပဲ ကိုယ်အလေးချိန် ရှိပါတော့တယ်။ ဒီလိုနဲ့ ပြုစုလာနေရင်း တစ်ေန့တော့ ဝေမင်းယင်အတွက် စိတ်ချမ်းမြေ့စရာကိစ္စလေးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုမာဖြစ်နေတဲ့ ၀မ်ရှုပေါင်က မိခင်ဖြစ်သူကို ပြုံးပြခဲ့တာပါ။ ၀မ်ရှုပေါင်ဟာ စကားမပြောနိုင် လှုပ်ရှားမှုတွေလည်း မလုပ်နိုင်သေးပေမယ့် အခုဆိုရင် မိခင်ပြောစကားကို ကြားနိုင်နေပြီဖြစ်တဲ့အပြင် ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ပြုံးပြနိုင်နေပြီ ဖြစ်ပါတယ်။

READ
ယောက်ျားတွေကိုစိတ်ကုန်လို့ အိမ်မွေးခွေးနဲ့ လက်ထပ်ထားတဲ့ အမျိုးသမီး
Beijing News

ဝေမင်းယင်ကတော့ တိုးတက်လာတဲ့ သားဖြစ်သူရဲ့ အခြေအနေအပေါ် ကျေနပ်လျက်ရှိနေပါတယ်။ သူမကတော့ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘဲ တစ်နေ့ သားဖြစ်သူရဲ့ အမေလို့ ခေါ်မယ့်အသံကို မျှော်လင့်နေတယ်လို့ ပြောပြပါတယ်။ ဝေမင်းယင်ရဲ့ သားသမီးအပေါ် နှိုင်းဖွယ်မရှိလှတဲ့ မိခင်မေတ္တာ ဇာတ်ကြောင်းဟာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာတော့ အတော်လေး ပျံ့နှံ့လျက်ရှိနေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE