သံသယရှိသူများကို အမြန်ရှာဖွေနိုင်မယ့် နည်းပညာမြင့်မျက်မှန် တရုတ်မှာ စတင်အသုံးပြု

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ လူအသွားအလာရှုပ်ထွေးတဲ့ ရထားဘူတာကဲ့သို့နေရာတွေက လူအုပ်တွေထဲကမှ ဥပဒေအရ သံသယရှိသူများကို လျင်မြန်စွာ ရှာတွေ့စေနိုင်မယ့် နည်းပညာမြင့်နေကာမျက်မှန်ကို ရဲများက အသုံးပြုတပ်ဆင်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

တရုတ်နှစ်သစ်ကူးကာလဖြစ်တဲ့အတွက် ဘူတာရုံများမှာ လူအသွားအလာ အလွန်များပြားနေချိန်ဖြစ်ပြီး တရုတ်နိုင်ငံအလယ်ပိုင်း Zhengzhou မြို့မှာ လမ်းပန်းဆက်သွယ်ရေး ရဲအရာရှိများက နောက်ဆုံးပေါ်နည်းပညာ မျက်မှန်များကို တပ်ဆင်ထားကာ လုံခြုံရေးမြှင့်တင်ထားခြင်းဖြစ်ပါတယ်။

Zhengzhou အရှေ့ဘူတာရဲ့ ဝင်ပေါက်မှာ ရဲ (၄)ဦးတို့က ၎င်းမျက်မှန်ကို တပ်ဆင်ထားကြပြီး စမတ်ဖုန်းကဲ့သို့ မျက်မှန်များဟာ သံသယရှိသူရဲ့ ဓာတ်ပုံကို ရိုက်ပေးနိုင်ပြီး ဌာနသို့ ပို့ပေးနိုင်ကာ ဌာနကနေ ၎င်းဓာတ်ပုံထဲက သံသယရှိသူရဲ့ အချက်အလက်တွေကို ၎င်းမျက်မှန်ထဲသို့ ချက်ချင်းပြန်ပို့ပေးနိုင်ကြောင်း သိရပါတယ်။ မျက်မှန်ဟာ သံသယရှိသူ တည်းခိုရာ နေရာနဲ့ အင်တာနက်အသုံးပြုမှု အချက်အလက်တို့ကိုပါ ပို့ပေးနိုင်ပါတယ်။

တရုတ်နှစ်ကူးကာလဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ရက် (၄၀)အတွင်း တရုတ်နိုင်ငံတဝှမ်းရှိ ဘူတာများမှာ ခရီးသည် သန်း (၃၉၀) ဖြတ်သန်းသွားလာခဲ့ကြရာ ၎င်းမျက်မှန်ကိုသုံးပြီး သံသယရှိသူ (၇)ဦးနဲ့ မှတ်ပုံတင်အတု ကိုင်ဆောင်သူ (၂၆)ဦးအထိ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံမှာ မျက်လုံးစကန်ဖတ်ခြင်း၊ လက်ဗွေရာဖတ်ခြင်း စတာတွေကနေ လူဦးရေ အားလုံးရဲ့ အချက်အလက်တွေကို သိမ်းထားပြီး ရဲများရဲ့ ထောက်လှမ်းရေးတွေမှာ သုံးလေ့ရှိပါတယ်။

READ
ထူးဆန်းတဲ့ အစဉ်အလာတစ်ခုကြောင့် ခရီးသွားဆွဲဆောင်မှုနေရာ ဖြစ်သွားခဲ့တဲ့ ဘရာဒရိုနာ

တိုးတက်လာတဲ့နည်းပညာကြောင့် အားကစားရုံ၊ စားသောက်ဆိုင်များနဲ့ အများသုံးအိမ်သာတွေမှာပါ မျက်နှာစကန်ဖတ်ခြင်းတွေ ပြုလုပ်လာကြပြီး ဘဏ်တွေမှာလည်း ကတ်အစား မျက်နှာစကန်ဖတ်ခြင်းကို သုံးကြကာ အချို့လေကြောင်းလိုင်းတွေမှာလည်း လေယာဉ်ဝင်ခွင့်ကို မျက်နှာစကန်ဖတ်ခြင်းနဲ့သာ ဆောင်ရွက်ကြပါတယ်။

အခုလို လုံခြုံရေးကင်မရာကဲ့သို့ မျက်နှာစကန်ဖတ်နိုင်တဲ့ မျက်မှန်တွေကို ရဲတွေ တပ်ဆင်ခြင်းက အစိုးရရဲ့ နည်းပညာ တိုးတက်မှုကို သက်သေပြနေပြီး ရဲဌာနများကလည်း ဥပဒေအရ ဆောင်ရွက်ခြင်းများကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း တရုတ်သုတေသနပညာရှင် ဝီလျံနီက သုံးသပ်ပြောကြားခဲ့ပါတယ်။

White (Shwemom)

Ref: Dailymail UK

SHARE