ရှေးတရုတ်ရိုးရာကို အသက်သွင်းပြပြီး အောင်မြင်နေတဲ့ vlogger မလေး Li Ziqi

YouTube/Li Ziqi

တရုတ်နိုင်ငံရဲ့ရိုးရာဓလေ့ အချက်အပြုတ်တွေကို အများအံ့သြရလောက်အောင် သေချာပြင်ဆင်ဖော်ပြပေးနေတဲ့ အသက်ငယ်ငယ် vloggerမလေး Li Ziqiဟာ ပရိတ်သတ်အခိုင်အမာရရှိထားပြီးတော့၊ Weiboမှာ followers ( ၂၁)သန်းနဲ့  YouTubeမှာ followers(၇)သန်းကျော်ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူမရဲ့ ထူးခြားတဲ့ဖန်တီးမှုတွေနဲ့လူတွေရဲ့အာရုံကို ဖမ်းစားထားတယ်ဆိုလည်းမမှားပါဘူး။

သူမဗီဒီိယိုတွေဟာ စီချွမ်ပြည်နယ်ရဲ့ကျေးလက်တရုတ်ရိုးရာနည်းတွေကို အဓိကထားပုံဖော်ပြသထားတာဖြစ်ပြီးတော့၊ ရှေးခေတ်ကို အပြင်မှာတကယ်ရောက်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းနေတာဖြစ်ပါတယ်။

သူမရဲ့ စက္ကူနဲ့မှင်ကနေ အ၀တ်အစားတွေဖန်တီးတာ၊ အဖွားအတွက် ပိုးခေါင်းအုံးကိုယ်တိုင်ပြုလုပ်တာ၊ ဘလောက်တုံးတွေနဲ့မုန့်ဖတ်ဖို တည်ဆောက်ပုံတည်ဆောက်နည်းတွေဟာ မယုံနိုင်စရာမျက်လှည့်တစ်ခုလိုပါပဲ။

သူမရဲ့ဗီဒီယိုတွေထဲမှာ လူတွေကို အဖမ်းစားဆုံးကတော့ ဟင်းချက်ပညာလို့ဆိုရမှာပါ။

ဗီဒီိယိုတိုင်းမှာ လှုပ်ရှားမှုတွေကို အသေးစိတ်ရိုက်ပြထားတာဖြစ်သလို၊ ဟင်းချက်တဲ့အခါ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ခြံထဲ သွားရောက်ခူးယူတာ၊ တခါတလေ တောင်ပေါ်တွေ၊ အနီးနားက မြစ်တွေအထိ သွားရောက်ရှာဖွေတာတွေပါဝင်ပါတယ်။

ရှေးခတ်နည်းအတိုင်း ထင်းမီးဖိုနဲ့ ရှေးခေတ်မီးဖိုချောင်အသုံးအဆောင်တွေနဲ့ သရေကျစရာဟင်းလျာတွေကို ဖန်တီးပြသတာဖြစ်လို့ အများနဲ့မတူတာတော့ အမှန်ပါ။ ရာသီအလိုက် သင့်တော်တဲ့ ဟင်းလျာတွေကို ဖန်တီးချက်ပြုတ်ပြသတာကလည်း ပရိတ်သတ်တွေကိုရိုးမသွားစေပါဘူး။

ဗီဒီယိုရဲ့နောက်ခံဟာ ရုပ်ရှင်ကားထဲထည့်ပြလို့ရတဲ့ ရာသီလေးခုရဲ့အလှပဆုံးမြင်ကွင်းတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။

သူမရဲ့ဗီဒီယိုတွေကိုကြည့်လိုက်တာနဲ့ လှပမှု၊ အေးချမ်းမှု၊ ရှေးခေတ်ကိုပြန်လည်အသက်သွင်းထားမှုစတဲ့ အငွေ့အသက်တွေကို ခံစားမိစေတဲ့အပြင်၊ အဆိုးဆုံးက သူမရဲ့အစားအသောက်တွေက စားချင်စိတ်ကို ထိန်းရပိုခက်တယ်လို့ဆိုကြပါတယ်။

သူမရဲ့ပြသမှုတွေနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုကြပေမယ့်၊ ဝေဖန်သူအနည်းငယ်ကတော့ သူမဟာ ဗီဒီယိုအတွက် ပရော်ဖက်ရှင်နယ်ရိုက်ကူးရေးသမားတွေကို သုံးထားတာဖြစ်ပြီးတော့၊ လယ်ကွင်းထဲဆင်းပြီး တစ်ရက်လုံး အလုပ်,လုပ်နေတာတောင် အလှပျက်မနေဘူးဆိုပြီး ဝေဖန်မှုတွေလည်းရှိပါတယ်။

Khaing Sandar

SHARE