ၾသစေတးလ် တောမီးအတွက် ဒေါ်လာတစ်သန်းလှူဒါန်းခဲ့တဲ့ Chris Hemsworth

Instagram/ChrisHemsworth

သြစတေးလျ နိုင်ငံက ကမ္ဘာကျော်မင်းသားတစ်ယောက်ဖြစ်တဲ့ Chris Hemsworthဟာ လတ်တလော ဖြစ်ပွားနေတဲ့ သြစတေးလျတောမီးလောင်မှုကို ကူညီနေတဲ့ မီးသတ်သမားတွေ၊ အဖွဲ့အစည်းတွေအတွက် သူပိုင်ဆိုင်တဲ့ ငွေကြေးထဲက အမေရိကန်ဒေါ်လာတစ်သိန်းကို လှူဒါန်းခဲ့တာပါ။

သူ့ရဲ့ Instagram မှာ သူရဲ့ အလှူငွေတွေဟာ တကယ်မီးငြိမ်းနေတဲ့ နေရာဆီကို တိုက်ရိုက်ရောက်သွားမယ့်အပြင် မီးလောင်မှုကြောင့်ဖြစ်လာတဲ့ လူတွေ၊ သားကောင်တွေကို ကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေဆီကို လှူဒါန်းပါတယ်လို့ ကြေငြာခဲ့ပါတယ်။

“ခင်ဗျားတို့ သတိထားမိတဲ့အတိုင်းပဲ သြစတြေးလျက တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ရတယ်။ တောမီးက အခုအချိန်မှာ ဆက်လောင်နေတုန်းပဲ။ ရာသီဥတုလည်း ပိုပူလာတယ်။ ကျွန်တော်တို့အားလုံး အဲဒီအခြင်းအရာကို ခေါင်းထဲထည့်ထားပြီး တွေးဖို့လိုအပ်ပါတယ်။ ကျနော်တို့ကို စိန်ခေါ်လာမယ့် စိန်ခေါ်မှုတွေကလည်း စောင့်နေပါတယ်”

 

ဒါ့အပြင် သူ့ရဲ့ IG အကောင့်ကနေပြီးတော့လည်း သူ့ရဲ့ ပရိသတ်တွေ၊ Followers တွေကိုပါ လှူဒါန်းဖို့ ဆော်သြခဲ့ပါတယ်။

“ကျနော်တို့ အခုအချိန်မှာ လိုအပ်နေတာက ခင်ဗျားတို့ရဲ့ ထောက်ပံ့ပေးမှုနဲ့ လှူဒါန်းငွေပါပဲ” လို့ပါ ထပ်ပြောခဲ့ပါသေးတယ်။

“ရလာတဲ့ တစ်ဒေါ်လာချင်းစီဟာ အဲဒီငွေတွေအကုန်လုံးဟာ မီးသတ်သမားတွေဆီကို တိုက်ရိုက်ရောက်သွားပါ့မယ်။ (မီးငြိမ်းသတ်နေတဲ့) ရှေ့တန်းက လူတွေဆီကိုတိုက်ရိုက်ရောက်သွားမယ်။ မီးလောင်မှုဒဏ်ကို ခံစားနေရကြတဲ့လူတွေကိုလည်း တိုက်ရိုက်ရောက်သွားမယ်”လို့ သူ့ရဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့တာပါ။

 

သူ့ရဲ့ IG အကောင့် Bio နေရာမှာလည်း လှူဒါန်းရမယ့် Link ကို ထည့်သွင်းပြောင်းလဲထားပြီး ဆက်တိုက်လှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။

အချိန်ကြာမြင့်စွာ မီးလောင်နေမှုကြောင့် လူ ၂၅ ယောက် သေဆုံးပြီးဖြစ်သလို သန်းနဲ့ချီတဲ့ တောရိုင်းတိရစ္ဆာန်ငယ်တွေလည်း မီးဘေးသင့်ကာ သေဆုံးခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေက သြစတေးလျတောမီးငြိမ်းသတ်နိုင်ဖို့အတွက် လှူဒါန်းမှုတွေကိုယ်စီပြုလုပ်ပြီး ကူညီနေကြပါတယ်။ သိပ်မကြာခင်တုန်းကလည်း သြစတေးလျမင်းသမီးတစ်ယောက်ဖြစ်တဲ့ Margot Robbie ဟာ သြစတေးလျတောထဲမှာ ရိုက်ကူးထားတဲ့  ငယ်ဘဝရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေကို ပြပြီး ဘယ်လောက်လှခဲ့တဲ့ နေရာတစ်ခုဖြစ်ကြောင်း၊ အခုတော့ တောမီးလောင်ပြီး နာကျင်ရကြောင်းကို IG မှာ တင်ခဲ့ပါတယ်။ အဆိုတော့ P!nk တစ်ယောက်ကလည်း မီးငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေအတွက် အမေရိကန်ဒေါ်လာ ငါးသိန်းကို လှူဒါန်းခဲ့ပါတယ်။

Ye Yint Kyaw

SHARE