လူသိပ်မသိသေးတဲ့ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဖြစ်လာခဲ့တဲ့အရာများ

Pexels/Valdemaras D.

ယနေ့ခေတ်လူတွေဟာဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ပူနွေးလာတာ၊ ရေခဲကျောက်ဆောင်ကြီးတွေ ပျောက်ဆုံးကုန်တာနဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေ မျိုးသုဉ်းလာနေတဲ့ဖြစ်ရပ်တွေအပေါ် သတိပြုမိနေကြပြီ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာတဲ့အခါ ၄င်းရဲ့ အကျိုးဆက်ကို လူသားတွေဟာ ကြောက်စရာကောင်းစွာ ခံစားရကြောင်း curiosity.com ရဲ့ ရေးသားချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လေယာဉ်ပျံသန်းမှုမှာ အဖုအထစ်ဖြစ်ခြင်း

လေထန်ခြင်းဟာ လေယာဉ်ခရီးတစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြင်းထန်ခဲ့ရင် ခရီးသည်ပေါင်းများစွာကို ထိခိုက်အနာတရဖြစ်စေတဲ့အပြင် လေကြောင်းလိုင်းကြီးတစ်ခုလုံးကိုလည်း ဒေါ်လာသန်းနဲ့ချီ ကုန်ကျမှုတွေ ဖြစ်စေပါတယ်။ လေထု ပူနွေးလာလေလေ၊ လေစီးကြောင်းတွေရဲ့ စီးဆင်းမှုဟာ မြင့်မားလေလေဖြစ်ပြီး လေထုဟာ လေထန်လာတာကို ခံနိုင်ရည်မရှိတော့ပါဘူး။ ရလဒ်အနေနဲ့ လေယာဉ်တွေဟာလည်း ဟန်ချက်ပျက်နေတဲ့ လေထုထဲမှာ ချောချောမွေ့မွေမပျံသန်းနိုင်တော့တာပဲ ဖြစ်ပါတယ်။

Pexels/rawpixel.com

ရောဂါဘယတွေ ပိုမိုဖြစ်ပွားခြင်း

ကမ္ဘာ့ကပ်ရောဂါကြီးတွေဟာ နည်းလမ်း(၂) မျိုးနဲ့ ပြန်လည်ဖြစ်ပွားနိုင်ပါတယ်။ တိရစ္ဆာန်တွေက ကူးစက်လာနိုင်သလို ရှေးအရင်တုန်းက ပပျောက်သွားပြီလို့ ထင်ရတဲ့ ရောဂါတွေဟာလည်း ပြန်ပေါ်လာနိုင်ပါတယ်။ ရာသီဥတုပူနွေးတဲ့အခါနဲ့ မိုးကြီးတဲ့အခါတွေမှာ ရောဂါပိုးသယ်ဆောင်လာတဲ့ တိရစ္ဆာန်တွေရဲ့ အရေအတွက်ဟာ ပိုလို့တောင် ပွားများနိုင်ပါတယ်။ ဥပမာအားဖြင့် ခြင်တွေဟာ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်လာပြီး ကြွက်တွေကျတော့ ပုလိပ်ရောဂါပိုးတွေ သယ်ဆောင်လာကာ လူတွေထံ ကူးစက်ပြန့်နှံ့စေတာမျိုးပါ။

READ
ရစ်ခ်ျတာစကေး (၉.၀) အင်အားနဲ့ လှုပ်ခတ်သွားတဲ့ ဂျပန်ငလျင်ကြီးရဲ့ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်

ကမ္ဘာ့ဝင်ရိုးတိမ်းစောင်းခြင်း

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာတာနဲ့ ပတ်သက်ပြီး အထူးခြားဆုံးအချက်က ကမ္ဘာ၀င်ရိုးတိမ်းစောင်းသွားတယ်ဆိုတာပါ။ (၂၀) ရာစုနှစ်ကတည်းက စပြီး ကမ္ဘာ၀င်ရိုးဟာ (၃၄) ပေလောက် ရွေ့စောင်းသွားခဲ့တယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဂရင်းလန်းက ရေခဲချပ်ကြီးတွေ ပြိုကျတာကြောင့် ကမ္ဘာ့ဂြိုလ်ရဲ့ထုအလေးချိန်ဟာ ပြောင်းသွားတဲ့အတွက် ၀င်ရိုးအပေါ်မှာပါ သက်ရောက်မှုရှိခဲ့တာ ဖြစ်ပါတယ်။

Pexels/Jaymantri

ပိုပြင်းထန်တဲ့ ငလျင်တွေဖြစ်ပေါ်ခြင်း

ပူပြင်းတဲ့ရာသီဥတုတွေဟာ ငလျင်တွေဖြစ်ပွားအောင် လှုံ့ဆော်ပေးပါတယ်။ အကြောင်းရင်းကတော့ လေထုတွင်းက ဖိအားတွေလျော့ကျပြီး ကမ္ဘာ့အပေါ်ယံမြေလွှာဟာ အလွယ်တကူ လှုပ်ရှားနိုင်လာတာပဲ ဖြစ်ပါတယ်။ အချို့ပညာရှင်တွေကတော့ ရေခဲချပ်တွေ အရည်ပျော်ကျလာတဲ့အတွက် ကမ္ဘာ့အပေါ်ယံမြေလွှာမှာ ဖိအားတွေသက်ရောက်ပြီး ငလျင်ဖြစ်ပေါ်စေတယ်လို့လည်း ဆိုကြပါတယ်။

မီးတောင်တွေ ပိုမိုပေါက်ကွဲခြင်း

မီးတောင်တွေကို ပေါက်ကွဲစေတာကလည်း အန္တာတိကက ရေခဲကျောက်ဆောင်ကြီးတွေ ပြိုကျတာနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ရေခဲကျောက်ဆောင်ကြီးတွေရဲ့ ပြိုကျတဲ့အရှိန်နဲ့ ဖိအားဟာ ကမ္ဘာ့မြေလွှာကို သက်ရောက်မှုဖြစ်စေပါတယ်။ ဒါကြောင့်ပဲ မီးတောင်ရဲ့ အပေါ်ယံအလွှာသားတွေဟာ ချော်ရည်ပူတွေရဲ့ စီးဆင်းမှုကို မထိန်းသိမ်းနိုင်ဖြစ်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာရတယ်လို့လည်း သိရပါတယ်။

READ
ပျောက်ဆုံးလုနီးနေပြီဖြစ်တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းအသိုက်အမြုံကြီး

လင်းလင်း (ShweMom)

SHARE