ရာသီဥတု ပြောင်းလဲမှုကြောင့် အာတိတ်ဒေသမှာ ငါးနဲ့ ပင်လယ်ငှက်များ သေဆုံးမှုမြင့်တက်

Pixabay/skeeze

အာတိတ်စက်ဝန်း ဝန်းကျင်မှာ ရှင်သန်နေထိုင်ကြတဲ့ ငါးနဲ့ ပင်လယ်ငှက်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေလို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက အတော်လေးကို စိုးရိမ်နေကြပါတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုဆိုးရွားမှု အကျပ်အတည်းတွေထဲက သက်သေတစ်ခုသာ ရှိပါသေးတယ်။

National Geographic ရဲ့ ထုတ်ပြန်မှုမှာတော့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ တစ်လက်မရဲ့ ဆယ်ပုံတစ်ပုံရှိနေပြီး၊ ဒါဟာ သာမန်အားဖြင့်တော့ စိုးရိမ်စရာမဟုတ်ဘူးလို့ ထင်မြင်မိကြမှာပါ။ ဒါပေမယ့် တစ်ခြားတစ်ဖက်က တွေးလျှင် ကမ္ဘာကြီးဟာ ပိုပြီးပူနွေးလာသည်နှင့်အမျှ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည်ပျော်နေတာကြောင့် ဖြစ်ပါတယ်။

အလက်စကားပြည်နယ်ရဲ့ (၂၀၁၆) ခုနှစ်မှာ ရေခဲမှတ်အထက် (၀.၂၈)ဒီဂရီစင်တီဂရိတ်သာ ရှိခဲ့ရာမှ၊ (၂၀၁၉)မှာတော့ (၁.၃၉)ဒီဂရီစင်တီဂရိတ်ထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ရာစုနှစ်တစ်ခုအတွင်းမှာ အမြင့်ဆုံးစံချိန်ဖြစ်ပါတယ်။ ဘာရင်ပင်လယ်ပြင်မှာ ငါးကောင်ရေနှုန်း ထိုးကျသွားပါတယ်။

Twitter/InsideClimteChange

အဲဒီကမ်းရိုးတန်း တစ်လျှောက်မှာ ငါးနဲ့ ပင်လယ်ငှက်သေတွေ ရာနဲ့ချီ သောင်တင်ခဲ့ပါတယ်။ ဒါဟာ သမုဒ္ဒရာရေရဲ့အပူချိန် ပိုများလာတဲ့ သဘောဖြစ်ပါတယ်။ နောက်ပြီးတော့ ဒါဟာ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ ရာသီဥတုအပြောင်းလဲများရဲ့ အကျိုးဆက်များဖြစ်ပြီး၊ အပူချိန်မြင့်မားလာခြင်းအတွက် သက်ရှိတွေ ဘယ်လိုဒုက္ခရောက်နေသလဲဆိုတာ မြင်ယောင်မိစေမှာပါ။

သမုဒ္ဒရာရေအပူချိန် မြင့်တက်ခြင်းဟာ သမုဒ္ဒရာအတွင်း ဂေဟစနစ်ကို ဆိုးရွားစွာ သက်ရောက်နေကြောင်း သိနိုင်မှာဖြစ်ပြီး၊ ရေနေသတ္တဝါတွေအနေနဲ့ ဘယ်လောက်အထိ ဒုက္ခတရားတွေ ကြီးမားစွာခံစားနေရသလဲဆိုတာရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ Alaska Center for Climate Assessment နဲ့ Policy of the University of Alaska မှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင် Rick Thoman က-

“လာမယ့်နှစ်တွေမှာ ဒီလို ပိုပြီးပူနွေးလာဖို့ မရှိသော်လည်းပဲ … ဆိုးရွားတဲ့ရာသီဥတုကတော့ တိတိကျကျ ပိုပြီးကြီးထွားလာနေပါတယ် … ”လို့ သတိပေးခဲ့ပါတယ်။ အခုအခြေအနေက Permafrost လို့ခေါ်တဲ့ မြေအောက်ပိုင်း အေးခဲမြေလွှာကိုပင် အပူရှိန်က သက်ရောက်မှုတွေ စတင်လာခဲ့ပါပြီ။

Twitter/InsideClimteChange

Permafrost မြေလွှာဆိုတာ ဝင်းရိုးစွန်းဒေသတွေမှာ ဖြစ်တည်တတ်တဲ့ မြေလွှာမျိုးဖြစ်ပြီး ကမ္ဘာမြေကြီးရဲ့ အပေါ်ယံမြေလွှာအောက်မှာ မြေသား၊ ကျောက်စရစ်၊ သဲစသည်တို့ကို ရေခဲနဲ့အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မြေလွှာဖြစ်ပါတယ်။ ဒီမြေလွှာသာ ပေါက်သွားခဲ့ရင် နှစ်ထောင်ချီက သိုလှောင်ထားတဲ့ အဆိပ်ဓာတ်ငွေ့တွေ ကမ္ဘာမြေကို ပျံ့နှံ့လာမှာပါ။

၎င်းမြေလွှာဟာ မီသိန်းနဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်တွေအပြင်၊ ရှေးနှစ်ပေါင်းများစွာက သိုလှောင်ထားတဲ့ ရှေးဟောင်းဘက်တီးရီးယားတွေနဲ့ မာကျူရီဓာတ်တွေ၊ ဗိုင်းရပ်စ်တွေကို ကမ္ဘာမြေဆီ ထုတ်လွှတ်လိုက်တာနဲ့ အတူတူဖြစ်စေမှာပါ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်း ဂေဟစနစ် ပျက်စီးခြင်းဟာ တစ်ဦးတစ်ယောက်နဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ဘဲ၊ ကမ္ဘာမြေကြီး ရေရှည်တည်တံဖို့အတွက် အလွန်အရေးပါတဲ့ လုံခြုံရေးစည်း စတင်ပေါက်ကျိုးခြင်းပဲ ဖြစ်ပါတော့တယ်။

လင်းသုတ

SHARE