သတင်းမှား ဖော်ပြမိလို့ ဒေါ်လာ သန်းရာချီ လျော်ကြေးပေးရဖွယ် ရှိနေတဲ့ CNN

youtube/TODAY

ပြီးခဲ့တဲ့ အင်္ဂါနေ့(၇.၁.၂၀၂၀)တုန်းက CNN ဟာ ကိုဗင်တန်ကတ်သလစ်ကျောင်းသား နီကိုလက်စ်ဆန်းဒ်မန်း တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး အမှုကို ကျေလည်အောင် ဖြေရှင်းဖို့ သဘောတူခဲ့ကြောင်း washingtontimes အရ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က တရားလိုဘက်က ကျောင်းသား နီကိုလက်စ်ဟာ မူလအမေရိကန်တိုင်းရင်းသား လူ့အခွင့်အရေးလှုပ်ရှားသူ အဖိုးတစ်ဦးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အဖိုးအပေါ် လေးစားမှုကင်းမဲ့စွာ ပြုမူခဲ့တဲ့ ကျောင်းသားတစ်ဦးအဖြစ် အွန်လိုင်းသတင်းတွေမှာ တက်လာခဲ့တာပါ။

ဒီအဖြစ်ဟာ (၂၀၁၉) ခုနှစ် ဇန်န၀ါရီလမှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ လူ့အခွင့်အရေးလှုပ်ရှားသူ အဖိုးဟာ မူလအမေရိကန်တိုင်းရင်းသား အိုမာဟာမျိုးနွယ်စုရဲ့ အကြီးအကဲ နေသန်ဖီးလစ် ဖြစ်ပါတယ်။ သူဟာ Lincoln Memorial အဆောက်အအုံကြီးရဲ့ လှေကားထစ်တွေပေါ်မှာ ရိုးရာဗုံတစ်လုံးကိုတီးခတ်ကာ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရသင့်တဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြနေခဲ့တာ ဖြစ်ပါတယ်။

READ
သန်း ၄၀ တန်ထီပေါက်ခဲ့ပေမယ့် ထီလက်မှတ်ပိုင်ရှင်ကို ရှာမတွေ့သေးတဲ့သြဇီကအဖြစ်

ဒီအချိန်မှာပဲ နီကိုလက်စ်တို့ကျောင်းက ကျောင်းသားတွေဟာလည်း ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်ရေး အတွက် ဆန္ဒပြဖို့ Lincoln Memorial ကို ရောက်နေခဲ့တာပါ။ ဆန္ဒပြတဲ့အဖွဲ့နှစ်ဖွဲ့ဟာ ရောယှက်သွားခဲ့ပြီး နေသန်ဟာ ဗုံကို တီးခတ်ဖျော်ဖြေရင်း နီကိုလက်စ်တို့ ကျောင်းသားတွေကြားထဲကို ရောက်လာတာပါ။

နေသန်ဟာ ဗုံကို တီးခတ်ဖျော်ဖြေနေရင်း နီကိုလက်စ်ရှေ့ကို ရောက်သွားတဲ့အခါမှာတော့ နီကိုလက်စ်ကလည်း မလှုပ်မရှားနဲ့ ဒီတိုင်း ရပ်ပြီး နေသန်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခြင်းအရာကို သတင်းဌာနတွေက ရိုက်ယူပြီးတဲ့အခါမှာတော့ နေသန်ကို လူမျိုးရေးခွဲခြားသူတစ်ယောက်ဆိုပြီး စွပ်စွဲခဲ့ကြတာပါ။ CNN ဟာလည်း နီကိုလက်စ်ရဲ့ အကြောင်းကို ဖော်ပြရာမှာ လိုသလို ကောက်ချက်ချခဲ့ပုံပါ။ လူ့အခွင့်အရေးအကြောင်း နားမလည်ပဲ မထေမဲ့မြင်ပြုသူ၊ လူမျိုးရေးခွဲခြားသူတစ်ဦးအဖြစ် စတဲ့ နီကိုလက်စ် သိက္ခာကျဆင်းစေတဲ့အသုံးအနှုန်းတွေ သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။

READ
အစာစားရင် အသံမြည်ပြီးစားတဲ့ မိသားစုကြောင့် နှစ်အတော်ကြာ စကားမပြောခဲ့တဲ့အမျိုးသား

ဒါကြောင့်ပဲ နီကိုလက်စ်တို့ မိသားစုက CNN ဟာ ကလေးသာသာ သာရှိတဲ့ အထက်တန်းကျောင်းသားတစ်ဦးကို အာဏာအား၊ ငွေအားသုံးပြီး အနိုင်ကျင့်တယ်၊ ကျောင်းသားတစ်ဦးကို မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်တယ်ဆိုကာ နစ်နာကြေးအဖြစ် ဒေါ်လာ (၂၇၅) သန်းပေးဖို့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ CNN ကတော့ ဒီအမှုကို အမြန်ဆုံးကျေလည်အောင် ဖြေရှင်းဖို့သာ ရည်ရွယ်နေကြောင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် တရားလိုဘက်ကို ဘယ်ရွေ့ဘယ်မျှနဲ့ လျော်ကြေးပေး ကျေလည်အောင် ဖြေရှင်းမယ်ဆိုတာကိုတော့ ထုတ်မပြောသွားဘူးလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE