တင်းနစ်ဘုရင်မကြီးကို အရှက်တကွဲရှုံးပွဲကြုံစေလိုက်တဲ့ (၁၅)နှစ်အရွယ်တင်းနစ်မယ်လေး

Twitter "BBC Sports"

(၂၀၁၉)ရဲ့ ၀င်ဘယ်လ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲကတော့ စိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ စတင်လာခဲ့ပါတယ်။ ကမ္ဘာ့အဆင့်(၂) တင်းနစ်မယ် နာအိုမီ အိုဆာကာ တစ်ယောက်ကမ္ဘာ့အဆင့်(၂၇)မှာ ရှိတဲ့ ရုရှားသူလေးကို (၇-၆)၊ (၆-၂)နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် အံ့အားသင့်စရာ ရှုံးပွဲတစ်ပွဲက ထပ်မံပေါ်ထွက်လာခဲ့တာပါ။

အဲဒီ ရှုံးပွဲကတော့ တစ်ချိန်တုန်းက တင်းနစ်ဘုရင်မကြီးအဖြစ် ရပ်တည်ခဲ့တဲ့ အမေရိကန်တင်းနစ်မယ် ဗီးနပ်စ် ၀ီလျံရဲ့ရှုံးပွဲပါပဲ။ ၀င်ဘယ်လ်ဒန်ချန်ပီယံဆုကို (၅)ကြိမ်အထိ ရရှိထားတဲ့ အသက် (၃၉)နှစ်အရွယ် ဗီးနပ်စ်ဟာ အသက် (၁၅)နှစ်သာ ရှိသေးတဲ့အမေရိကန်သူလေး ကိုရီ ဂါ့ဖ် ကို နှစ်ပွဲပြတ်ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့်ပါ။

 

အတွေ့အကြုံများစွာရှိပြီး ပြင်းထန်တဲ့ရိုက်ချက်တွေကို အသုံးပြုလေ့ရှိတဲ့ ဗီးနပ်စ်ဝီလျံဟာ ဒီပွဲမှာ (၆-၄) (၆-၄) ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပြီး သူမအနေနဲ့ ဂါ့ဖ်ရဲ့ရိုက်ချက်နဲ့ ငယ်ရွယ်မှုကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့တာ အမှန်ပါ။

READ
အမှိုက်ကောက်တဲ့အကျင့်ကြောင့် အနိုင်ကျင့်ခံခဲ့ရပေမယ့် စံပြလူသားဖြစ်လာခဲ့တဲ့ ကလေးမလေး

ဝင်ဘယ်လ်ဒန်တစ်ဦးချင်းပြိုင်ပွဲရဲ့ချန်ပီယံဆုကို (၂၀၀၈)ခုနှစ်မှာ ဗီးနပ်စ်တစ်ယောက် နောက်ဆုံးရယူခဲ့စဉ်တုန်းက ဂါ့ဖ် ဟာ အသက် (၃)နှစ်သာ ရှိသေးပြီး တင်းနစ်ဆိုတာ ဘာမှန်းသိသေးပုံတောင် မပေါ်ပါဘူး။

ဒါပေမယ့် ဒီနေ့မှာတော့ (၁၅)နှစ်အရွယ် အမျိုးသမီးလေးက နာမည်ကျော်တင်းနစ်ဘုရင်မကြီးကို လှလှပပ အနိုင်ယူပြလိုက်ပြီလို့ သတင်းစာတွေရဲ့ခေါင်းစီးပိုင်းမှာ ပါလာခဲ့ကြတာပါ။ “ကိုကို” ဆိုတဲ့နာမည်နဲ့ လူသိများကြတဲ့ ကိုရီဂါ့ဖ် ဟာ ကမ္ဘာ့အဆင့်(၃၁၃)သာ ရှိပြီး (၂၀၁၈)ခုနှစ် မေလမှာမှ ပရော်ဖက်ရှင်နယ် တင်းနစ်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာပါ။

 

ဒီနှစ် ၀င်ဘယ်လ်ဒန်အိုးပင်းရဲ့ ပထမအဆင့်ပွဲစဉ်မှာတင် ဂေါ့ဖ်တစ်ယောက် ဗီးနပ်စ်ဝီလျံနဲ့ရင်ဆိုင်တွေ့ခဲ့ရလို့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာသွားရလိမ့်မယ်ဆိုပြီး မှတ်ချက်ပေးခံနေရပေမယ့်လည်း ဂေါ့ဖ်ကတော့ အားလုံးမျှော်လင့်မထားတဲ့ ရလဒ်တစ်ခုကို ရယူပြလိုက်ပါတယ်။

READ
နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ CEWE ဓာတ်ပုံပြိုင်ပွဲမှ ရင်သတ်ရှုမောဖွယ်ရာဆုရဓာတ်ပုံများ

ပြိုင်ပွဲအပြီးမှာတော့ စိတ်လှုပ်ရှားပျော်ရွှင်နေတဲ့ ဂေါ့ဖ်က မျက်ရည်ကျနေခဲ့ပြီး ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့တဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : CNN

SHARE