ပိုးသတ်ဆေးတွေကို ယဉ်ပါးနေပြီး အသက်ပြင်းလာတဲ့ ပိုးဟပ်များရဲ့အန္တရာယ်

Shutterstock/ gan chaonan

ပိုးဟပ်တွေဟာ ရွံရှာဖွယ်ကောင်းတဲ့သတ္တ၀ါတွေဖြစ်သလို ရောဂါပိုးတွေကို သယ်ဆောင်လာတတ်တဲ့ သတ္တ၀ါတွေလည်း ဖြစ်ပါတယ်။ အိမ်မှာတွေ့သမျှ စားစရာတွေပေါ်ကို အကုန်လိုက်တက်၊ ကြွက်သွန်နီတွေဆိုလည်း လိုက်ဖောက်၊ မုန့်ထုပ်တွေထားရင်လည်း လိုက်ကိုက်နဲ့ အမြင်ကတ်စရာကောင်းတဲ့ ပိုးဟပ်တွေက အိမ်တိုင်းမှာ ရှိပါတယ်။

အခု သူတို့နဲ့ ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ သတင်းတစ်ခု ထပ်ကြားရပြန်ပါတယ်။ အဲဒါကတော့ ပိုးဟပ်တွေဟာ အာနိသင်ပြင်းလွန်းတဲ့ ပိုးသတ်ဆေးတွေကိုတောင် ခံနိုင်ရည်ရှိလာနေပြီဆိုတာပါ။ အမေရိကန် အင်ဒီယားနားပြည်နယ် ပါဂျူးတက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အခုခေတ်ပိုးဟပ်တွေဟာ နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး ထုတ်လုပ်ထားတဲ့ ပိုးသတ်ဆေးအမျိုးမျိုးကိုတောင် ခံနိုင်ရည်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

Shutterstock/ YewLoon Lam

ဒီပိုးဟပ်တွေရဲ့ ပိုးသတ်ဆေးတွေကို ပြန်လည်ခုခံအားက အရမ်းကောင်းနေတာကြောင့် ဒီဗီဇစနစ်ဟာ ၄င်းပိုးဟပ်တွေရဲ့ နောက်မျိုးဆက်တွေကိုပါ လက်ဆင့်ကမ်းသယ်သွားကြမှာပါ။ ဒါကြောင့် နောက်လာမယ့် ပိုးဟပ်တွေက ပိုးသတ်ဆေးခုခံအားစနစ်တွေ ပိုပြီးတောင် ကောင်းလာကြလိမ့်ဦးမယ်လို့ ယူဆရပါတယ်။ ပိုးဟပ်တွေကို သုတ်သင်ရှင်းလင်းဖို့ဟာ ပိုးသတ်ဓာတုဆေးတစ်မျိုးတည်း သုံးရုံနဲ့ မလုံလောက်ပါဘူးလို့ ပါဂျူးတက္ကသိုလ်မှာရှိတဲ့ သုတေသနခေါင်းဆောင် မိုက်ကယ်ရှာ့ဖ်ကတော့ ပြောပြပါတယ်။

READ
ဘယ်ဘက်ခြမ်းစောင်းပြီးအိပ်ခြင်း၏ အကျိုးကျေးဇူးများ

အခုလို ပိုးသတ်ဆေးနဲ့ သတ်တာတောင် မသေပဲ အသက်ပြင်းလွန်းတဲ့ပိုးဟပ်တွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယှဉ်ကြည့်ရင်တော့ စိုးရိမ်ဖွယ်ရာပါ။ ပိုးဟပ်တွေရဲ့ သက်တမ်းက ဘယ်လောက်ပဲ တိုတောင်းတယ်ဆိုဦးတော့၊ ပိုးဟပ်အမတစ်ကောင်ဟာ သူမရဲ့ အသက်တာမှာ ပိုးဟပ်ကောင်ရေ (၂၀၀-၃၀၀) ထိ သားပေါက်နိုင်ပါတယ်။ ပိုးဟပ်တွေဟာ ညစ်ပတ်တဲ့နေရာမျိုးနဲ့ စားကြွင်းစားကျန်တွေကို မဖုံးမအုပ်ပဲ ဒီတိုင်းထားလေ့ရှိတဲ့ စည်းစနစ်မရှိတဲ့အိမ်မှာဆိုရင် ပိုလို့တောင် ပေါက်ပွားနိုင်ပါသေးတယ်။

Shutterstock/ gan chaonan

ဝင်ငွေနည်းပါးပြီး ဖြစ်သလို လုပ်ကိုင်စားနေရတဲ့ နေရာတွေ၊  ပိုးသတ်ဆေးတောင် မ၀ယ်နိုင်တဲ့ နေရာတွေမှာဆိုရင် ပိုးဟပ်ကောင်ရေတွေ ဘယ်လောက်တိုးပွားနေမလဲဆိုတာ တွေးကြည့်ရုံနဲ့တင် ကြောက်စရာပါပဲ။ ဒါကြောင့် သုတေသနခေါင်းဆောင် မိုက်ကယ်ရှာ့ဖ်ကတော့ ပိုးဟပ်တွေကို ဒီတိုင်းဆေးမှုတ် ဆေးဖြန်းသတ်ရုံတင်နဲ့ မလုံလောက်ပဲ ပိုးဟပ်ဖမ်းထောင်ချောက်တွေ၊ လေစုပ်စက်တွေကို အသုံးပြုသင့်တဲ့အကြောင်းနဲ့ အထူးဂရုပြုရမှာက အိမ်ကို သန့်သန့်ရှင်းရှင်း ထားဖို့ဖြစ်တယ်လို့ CNN သတင်းဌာနကို ပြောပြသွားခဲ့ပါတယ်။

READ
ဝက်ခြံများကိုအမျိုးအစားအလိုက် ထိန်းချုပ်နှိမ်နင်းနည်းများ

လင်းလင်း (ShweMom)

SHARE