ရာသီဥတုပြောင်းလဲမှု ဆက်ဖြစ်နေရင်၊ သူဌေးတွေသာ ကော်ဖီသောက်နိုင်တော့မည်

Nick Starichenko/Shutterstock

သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ပျက်စီးခြင်းနဲ့ ရာသီဥတု ကြီးကြီးမားမား ပြောင်းလဲမှုတွေက သဘာဝသားရိုင်းတိရစ္ဆာန်တွေသာမက၊ သစ်ပင်မျိုးဗီဇတွေကိုပါ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ တကယ်လို့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေသာ UK မှာ ဆက်ဖြစ်နေရင်၊ ကော်ဖီဟာ အနာဂတ်ကာလမှ သူဌေးတွေသာ တစိမ့်စိမ့်နဲ့ ဇိမ်ခံသောက်နိုင်မယ့် ရှားပါးကုန်စည် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

အကြောင်းကတော့ ကမ္ဘာအနှံ့က ကော်ဖီစိုက်တောင်သူတွေဟာ ဆိုးရွားတဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် သူတို့ရဲ့ ကော်ဖီစိုက်တောင်ယာတွေကို စွန့်ခွာနေကြလို့ ဖြစ်ပါတယ်။ ပီရူးလို ကော်ဖီအလွန်အမင်းထွက်တဲ့ နိုင်ငံတွေမှာတောင် အပူချိန်မြင့်မားခြင်း၊ ဆိုးရွားလှတဲ့ ရာသီဥတုစိုထိုင်းမှု၊ ဈေးကွက်မှာ ဈေးနှိမ်ခံရခြင်းတွေကြောင့် ကော်ဖီစိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။

သိပ္ပံပညာရှင်တွေက လက်ရှိအသုံးပြုနေတဲ့ ကော်ဖီစိုက်မြေယာတွေရဲ့ (၅၀)%ဟာ (၂၀၅၀)မှာ ကော်ဖီထွက်ဖို့ ဒါမှမဟုတ် ကော်ဖီစိုက်ဖို့ မသေချာတော့ဘူးလို့ ဆိုပါတယ်။ အပူချိန် ကြောက်ခမန်းလိလိ တိုးပွားလာခြင်းက ကော်ဖီစိုက်တောင်သူတွေအတွက် အဓိကရန်သူဖြစ်ပြီး၊ ပိုပြီးမြင့်တဲ့၊ ပိုပြီးအေးတဲ့ ဒေသတွေကို သူတို့ ပစ်မှတ်ထားလာကြပါတယ်။

READ
လူတိုင်းမြင်တွေ့ဖူးဖို့ ခဲယဉ်းတဲ့ ကြောက်စရာ လင်းနို့မျိုးစိတ်(၁၀)မျိုး

ဒါဟာ အခြားဘက်ကနေ တွေးရင် သူတို့တစ်တွေဟာ လယ်မြေအသစ်တွေအတွက် တောတွေ၊ တောင်တွေကို ခုတ်ထွင်ဖြိုချရတော့မယ်ဆိုတဲ့ အခြားအဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးရွားတဲ့ ပျက်စီးမှုက အတောမသတ်နိုင်ဖြစ်စေမှာ ဖြစ်ပြီး၊ ဒီလိုပဲ ရာသီဥတုဆိုးရွားစွာ ပြောင်းလဲမှုကလည်း ထိန်းချုပ်ဖို့ ပိုခက်လာမှာပါ။

နောက်ပြီး ထည့်သွင်းတွက်ချက်ရမှာက ကော်ဖီရဲ့အရည်အသွေး ကျဆင်းမှုပါ။ နောက်ပြီး ကော်ဖီစိုက်တောင်သူ နည်းပါးလာခြင်းကလည်း ကော်ဖီဈေးကွက်မှာ ကြီးမားတဲ့ပြိုင်ဆိုင်မှုတွေနဲ့ ဈေးတွေ ကြီးမြင့်လာတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ရာသီဥတုပြောင်းလဲမှုကိုတောင် တောင်သူတွေ ကြံ့ကြံ့ခံဖို့ အလွန်ခက်ခဲနေချိန်မှာ၊ နောက် ပိုဆိုးလာမယ့် ပြောင်းလဲမှုတွေက သူတို့အတွက် လုပ်ငန်းခွင် စွန့်ရုံမှတစ်ပါး အခြားမရှိ ဖြစ်လာစေမှာပါ။

READ
အနမ်းနဲ့ပတ်သက်တဲ့ အံ့ဖွယ်(၈)ချက်

PA မှာဖော်ပြထားတဲ့ သတင်းမှာတော့ လာမယ့်(၅)နှစ်အတွင်းမှာတောင် ကော်ဖီထုတ်လုပ်တဲ့ ဧရိယာ (၂၀)%ကနေ (၈၀)%အထိ ကျဆင်းစေနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ ကော်ဖီစိုက်တောင်သူကြီး Segundo Alejandro Guerrero Mondragon (၇၂)နှစ်ကလည်း သူတို့ဟာ ယခင်အလုပ်လုပ်ကိုင်ခဲ့တဲ့ နေရာတွေမှာ မစွံတော့လို့၊ ပိုမြင့်တဲ့ တောင်တန်းတွေမှာ ခြေကုပ် ရယူနေရပြီလို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE