ဟင်းချက်ရာတွင် သိထားသင့်သည့်အချက်များ

မီးဖိုချောင်ဆိုတာဟာ နေ့စဉ်ချက်ပြုတ်နေကျ အိမ်ရှင်မတွေအတွက်ကတော့ ကျွမ်းကျင်ပိုင်နိုင်ပြီးသားအရာ ဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေမှ မီးဖိုချောင်ဝင်ပြီး စမ်းချက်ကြည့်ချင်တဲ့သူတွေနဲ့ ဟင်းချက်ဝါသနာပါပြီး ကိုယ့်လက်ရာကိုယ်ချက်စားချင် ပေမယ့် အချိန်မရလို့ မချက်ဖြစ်တဲ့သူတွေအတွက်ကတော့ မကျွမ်းကျင်၊ မပိုင်နိုင်သေးတဲ့ နယ်ပယ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းချက်မကျွမ်းကျင်သေးသူတွေအတွက် ဘယ်အချိန်ပဲချက်ချက်၊ အဆင်ပြေနေအောင် ထမင်းဟင်းချက်ပြုတ် ရာမှာ သိထားသင့်တဲ့ မီးဖိုချောင်လမ်းညွှန်လေးတွေကို ဝေမျှပေးချင်ပါတယ်။

ချက်ပြုတ်ရန် ပြင်ဆင်ခြင်း။

ဟင်းချက်ဖို့ အရင်ဆုံး စလုပ်ရတဲ့အပိုင်းကတော့ ပါဝင်ပစ္စည်းတွေအားလုံးကို အသင့်ဖြစ်အောင် ပြင်ဆင်ခြင်းပါပဲ။ ဒီနေရာ မှာ အသီးအရွက်နဲ့ သားငါးတွေကို ဆေးကြောသန့်စင်ခြင်းလည်း ပါဝင်ပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတစ်ခွက် ဖြစ်ဖို့အတွက် ပါဝင်ပစ္စည်းအားလုံး လတ်ဆတ်သန့်ရှင်းနေဖို့ အထူးလိုအပ်ပါတယ်။ အသီး အရွက်တွေဆိုရင် အနည်းဆုံး ရေနှစ်ထပ်ကနေ သုံးလေးထပ်အထိ အခြေအနေပေါ် မူတည်ပြီး ဆေးပေးရပါမယ်။ ဥပမာ ဂေါ်ဖီထုပ်လိုအရာမျိုးကို နှစ်ထပ်လောက်ဆေးရင် အဆင်ပြေပြီး ချဉ်ပေါင်ရွက်လို သဲများတတ်တဲ့ အရွက်မျိုးဆိုရင်တော့ သုံးလေးထပ်လောက် ရေများများနဲ့ ဆေးသင့်ပါတယ်။ အလားတူပဲ အသား၊ငါးတွေကို ဆေးတဲ့အခါ အရိအချွဲတွေ၊ အညစ် အကြေးတွေ ကုန်စင်အောင် သေသေချာချာ ဆေးပေးရပါမယ်။ အထူးသဖြင့် ငါးတွေ ဆေးတဲ့အခါ ဗိုက်အတွင်းဘက်က အမည်းရောင်တွေ ကုန်သွားအောင် ပွတ်သပ်ပြီး ဆေးပေးရပါမယ်။ ထိုအမည်းရောင်တွေ ပါလာတဲ့အခါ တစ်ခါတစ်ရံမှာ ဒိုက်စော်နံတတ်လို့ ဟင်းရဲ့အရသာကို ပျက်သွားစေတတ်ပါတယ်။ ငါးခေါင်းကို ဆေးတဲ့အခါမှာလည်း ပါးဟတ်တွေကို ဖယ်ပစ်ပြီး သဲတွေ၊ ရွှံ့တွေ ပြောင်သွားအောင် သေသေချာချာ ရေများများနဲ့ ဆေးပေးရပါမယ်။ အသား၊ငါးတွေရဲ့ ညှီနံ့တွေ ပျောက်ဖို့အတွက် ဗင်နီဂါ (သို့မဟုတ်) သံပုရာရည်အနည်းငယ် ထည့်ပြီး ဆေးနိုင်ပါတယ်။

READ
ယားယံပြီးခြောက်သွေ့တဲ့ အသားအရေများအတွက် အကောင်းဆုံးနည်းလမ်းများ

ချက်မယ့်အပူချိန်ကို သတိပြုပါ။

ဟင်းချက်ရာမှာ အသားမကျသေးတဲ့သူတွေနဲ့ မကျွမ်းကျင်သေးတဲ့သူတွေ အများဆုံး ဖြစ်တတ်တဲ့ အလွဲလေးတစ်ခုက တော့ အပူချိန်တွေ များလွန်းလို့ ဟင်းတွေ တူးကပ်ကုန်တာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း မီးက နည်းလွန်းနေလို့ မကျက်နိုင်သေးတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ ဒါကြောင့် အပူချိန် အနည်းအများကို အမြဲသတိပြုသင့်ပါ တယ်။ ဟင်းတစ်မျိုးစီတိုင်းမှာလည်း ချက်ပြုတ်သင့်တဲ့ ယေဘူယျအပူချိန် ရှိနေတာကို သိထားသင့်ပါတယ်။ ယေဘူယျ မြန်မာထမင်းဟင်းချက်ပြုတ်ပုံနည်းစနစ်အရမှာတော့ အသားဟင်းတွေဆိုရင် မီးမျှင်းမျှင်းနဲ့ စိတ်ရှည်ရှည် ချက်ပေးတာက ဟင်းကို အရသာပိုကောင်းစေနိုင်ပါတယ်။ အရွက်ကြော်တွေဆိုရင်တော့ မီးပြင်းပြင်းနဲ့ကြော်တာက ပိုသင့်တော်ပါတယ်။ အရည်သောက်ဟင်းတွေဆိုရင်တော့ ဟင်းအိုးဝေကျနိုင်တဲ့အတွက် မီးအနေတော်လောက် ထားတာက သင့်တော်ပါလိမ့် မယ်။

သတိပြုရမယ့် အဖြစ်တတ်ဆုံး အလွဲလေးတွေ

  • မီးဖိုချောင် မကျွမ်းကျင်သေးဘဲ တစ်ခါတစ်လေမှ ၀င်တဲ့လူတွေ ဖြစ်တတ်တာကတော့ အပူလောင်တာပါပဲ။ လက်နှီးဝတ် (သို့မဟုတ်) အပူခံလက်အိတ်ကို သေချာစွာ ၀တ်ဆင်ပါ။ ဟင်းအိုးမွှေခြင်းနဲ့ မီးဖိုပေါ် ဟင်းအိုး အတင်အချ ပြုလုပ်ခြင်းတွေမှာ မိမိရရ၊ ခိုင်ခိုင်မြဲမြဲ ကိုင်ပြီးမှ လွတ်လွတ်ကင်းကင်းနေရာမှာ အိုးကိုထားပါ။ အပူတွေနဲ့ လုပ်နေတာ ဖြစ်တဲ့အတွက် အမြဲသတိရှိနေပါ။
  • ဆီရဲ့ အပူချိန်ကို သတိပြုပါ။ ဆီအရမ်းပူနေအောင်ထားပြီးမှ ဆီသတ်တာမျိုးတွေ၊ ကြော်လှော်တာမျိုးတွေ လုပ်မယ်ဆို ရင် အခန့်မသင့်လို့ ရေအနည်းငယ် ပါသွားခဲ့ရင် ထပေါက်တတ်ပါတယ်။
  • ဂက်စ်မီးဖိုအသုံးပြုတဲ့အခါ မီးဖိုခန်းကို လေ၀င်လေထွက်ကောင်းအောင် သတိပြုပါ။ သို့မဟုတ်ပါက လေလုံနေတဲ့ အခန်းထဲမှာ ဂက်စ်ယိုစိမ့်တာမျိုးတွေ ဖြစ်နေခဲ့မယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။
  • ဟင်းချက်တိုင်း မကြာခဏ ငန်သွားတတ်တယ်ဆိုရင် ဆား၊ငံပြာရည်၊ ဟင်းခတ်မှုန့်စတာတွေကို တစ်ကြိမ်တည်းနဲ့ သွန်ထည့်တာမျိုးကို ရှောင်ပါ။ ဟင်းရဲ့ပမာဏနဲ့ ထည့်သင့်တဲ့ ပမာဏကို အရင်ဆုံး စိတ်မှန်းနဲ့ မှန်းကြည့်ပြီးမှ ချိန်ထည့် ပါ။ မသေချာတဲ့အခါ နည်းနည်းလျှော့ထည့်ပါ။
READ
အမေ့လက်ရာက အကောင်းဆုံးဖြစ်နေရတဲ့ လျှို့ဝှက်ချက်

ဟင်းခတ်အမွှေးအကြိုင်

အနံ့အရသာနဲ့ ပြည့်စုံပြီး စားချင်စဖွယ် ဟင်းတစ်ခွက်ဖြစ်ဖို့အတွက် သိထားဖို့လိုအပ်တဲ့ အရေးကြီးအချက်တစ်ခုကတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို ကွဲကွဲပြားပြား၊ သိရှိထားဖို့နဲ့ ဘယ်လောက် အချိန်အဆလောက် ထည့်သင့်တယ်ဆိုတာ သိရှိဖို့ပါပဲ။ အထူးသဖြင့် အသား၊ငါးတွေကို ချက်ပြုတ်တဲ့အခါ ညှီနံ့တွေ ပျောက်ပြီး မွှေးကြိုင်အရသာရှိစေဖို့ ဟင်းခတ် အမွှေးအကြိုင်တွေကို သုံးစွဲသင့်ပါတယ်။ ယေဘူယျအားဖြင့် အသားဟင်းတွေ ချက်ပြုတ်တဲ့အခါ ဇီယာစေ့၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက် စတာတွေကို အသုံးပြုလေ့ရှိပြီး ငါးဟင်းတွေ ချက်တဲ့အခါမှာတော့ နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်းအစရှိတဲ့ ဟင်းခတ်အရွက်တွေကို အသုံးပြုကြပါတယ်။ အလားတူ အသင့်ရရှိနိုင်တဲ့ မဆလာ၊ ဟင်းခတ်အမွှေးအကြိုင်တွေကို လည်း အသုံးပြုနိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ အရသာရှိပြီး မွှေးပျံ့နေတဲ့ ဟင်းတစ်ခွက်ရဖို့ အသုံးပြုနိုင်တဲ့ နောက်ထပ် ဟင်းခတ်တစ်မျိုးကတော့ ခနောကြက်သားမှုန့် ဖြစ်ပါတယ်။ ခနောကြက်သားမှုန့်ကို အသား၊ငါးတွေ အရသာဝင်အောင် နယ်နှပ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပြီး ဆီပြန်ဟင်း၊ အရည်သောက်ဟင်းနဲ့ အသုတ်တွေမှာပါ ထည့်သွင်းအသုံးပြုနိုင်ပါ တယ်။ ခနောကြက်သားမှုန့်ဟာ ဟင်းလျာတိုင်းကို အရသာရှိစေလို့ မီးဖိုချောင်ဝင်ဖို့ ကြိုးစားနေသူတွေ သိရှိထားသင့်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

ကဲ … ဒီနည်းလေးတွေနဲ့ဆို ကိုယ့်မိသားစုအတွက် စားဖိုမှူးကြီး လုပ်လို့ရပြီနော်။ အားလုံးပဲ အရသာရှိတဲ့ ဟင်းလျာများကို လွယ်ကူစွာ ချက်ပြုတ်နိုင်ကြပါစေ။

Sponsored by Knorr

SHARE