တရုတ်နိုင်ငံမှ ဗိုင်းရပ်စ် ဂျပန်နိုင်ငံအထိ ရောက်ရှိ၊ သတိရှိဖို့ တာဝန်ရှိသူများတိုက်တွန်း

Twitter/FR24

တရုတ်နိုင်ငံမှ စတင်ခဲ့တဲ့ Coronavirus လို့ခေါ်တဲ့ ဗိုင်းရပ်မျိုးစိတ်အသစ်တစ်မျိုး ကူးစက်မှုဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပြီး WHO ကလည်း အခြားနိုင်ငံများအနေနဲ့ ကျန်းမာရေးသတိရှိဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ အခုလည်း ဂျပန်မှာ Coronavirus ဗိုင်းရပ်စ်ကူုးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါပြီ။ ကူးစက်ခံရတဲ့ လူနာဟာ အသက်(၃၀)အရွယ်သာ ရှိပါသေးတယ်။

လူနာဟာ တိုကျိုနဲ့ကပ်လျှက် ကာနာဂါဝါစီရင်စုမှာ နေထိုင်သူပါ။ သူ့ကို စမ်းသပ်စစ်ဆေးရာမှာ ရောဂါပိုးကူးစက်ခံနေရကြောင်း ဒေါက်တာတွေက အတည်ပြုနိုင်ခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးက ဒီကနေ့ (ကြာသပတေးနေ့မှာပဲ) အတည်ပြုလိုက်ပါတယ်။ သူဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ပြန်လာသူပါ။ အဲဒီမြို့မှာ Coronavirus ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါ ပျံ့နှံ့နေပါတယ်။

Twitter/KWKT

ပြည်နယ်ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ ဝူဟန်နဲ့ပတ်သက်တဲ့ နယ်မြေအဝန်းအဝိုင်းကို သွားမယ့်လူတွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ကြဖို့ သတိပေးနှိုးဆော်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အမေရိကန် Centers for Disease Control and Prevention (ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန)က ဒီဗိုင်းရပ်စ်ကူးစပ်မှုကို အရေးပေါ်စောင့်ကြည့်အခြေအနေ အဆင့်(၁)အဖြစ် သတ်မှတ်ထားပါတယ်။

အဆိုပါဌာနက ရောဂါပိုးကူးစက်ပျံ့နှံ့မှုဖြစ်နေတယ်ဆိုတဲ့ တရုတ်နိုင်ငံတွင်း ဒေသတွေကို သွားရောက်မယ်ဆိုပါက တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်ခြင်း၊ တိရစ္ဆာန်သားငါးဈေးများနဲ့ တိရစ္ဆာန်နဲ့ဆက်စပ်တဲ့ ထုတ်ကုန်တွေကို ကိုင်တွယ်ခြင်းမျိုးတွေ ရှောင်ရှားကြဖို့ကိုလည်း တိုက်တွန်းထားကြောင်း သိရပါတယ်။ ထိုင်းကျန်းမာရေး အာဏာပိုင်တွေကလည်း တရုတ်နှစ်သစ်ကူး (ဇန်နဝါရီ(၂၅)ရက်)အတောအတွင်း နိုင်ငံတွင်းကို တရုတ်လူမျိုး (၈)သိန်းလောက် ဝင်လာဖို့ရှိတဲ့အတွက် အရေးပေါ်စောင့်ကြည့်ဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

WHO တော့ အခု ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ပျံ့နှံ့မှုအတိုင်းအတာ ကျယ်ပြန့်လာတဲ့အတွက် ကမ္ဘာအရပ်ရပ်က ဆေးရုံတွေအနေနဲ့ အထူးဂရုစိုက်ကြပ်မက်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ Coronavirus ဗိုင်းရပ်ဟာ မျိုးခွဲတွေအများကြီးရှိတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး၊ သာမန်အအေးမိတုပ်ကွေးမှသည် Severe Acute Respiratory Syndrome (SARS) လို့ခေါ်တဲ့ ပြင်းထန်ရောဂါတွေအထိ ဖြစ်စေနိုင်ပါတယ်။

ဂျပန်မှာ ပထမဆုံးအဖြစ် ရောဂါကူးစက်မှုအတည်ပြုခံရတဲ့ လူနာဟာ မကြာသေးခင်ကမှ အဖျားရောဂါနဲ့အတူ ဝူဟန်မြို့ကနေ ပြန်ရောက်လာသူဖြစ်ပြီး ဆေးရုံမှာ အရေးပေါ်ကုသမှုတွေ လုပ်ခဲ့ရပါတယ်။ သို့သော်လည်း အခြေအနေတိုးတက်ကောင်းမွန်လာလို့ မနေ့ကပဲ ဆေးရုံကနေ ဆင်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

လင်းသုတ

SHARE