အင်းဆက်ပိုးကောင်တွေကို မက်မက်မောမော စားသုံးလေ့ရှိတဲ့ နိုင်ငံများ

မြောက်အမေရိကတိုက်မှာ နေထိုင်ကြသူ လူအများစုဟာ အင်းဆက်ပိုးကောင်တွေကို တွေ့တဲ့အခါ ထိတ်လန့်စရာ၊ ရွံရှာစရာတွေအဖြစ် တုံ့ပြန်ကြပါတယ်။ ဒါပေမယ့် အင်းဆက်တွေ ပိုးကောင်နဲ့ လောက်တွေကို စားသုံးတဲ့အလေ့အထဟာ နိုင်ငံတွေပေါ်မှာလည်း မူတည်နေပါတယ်။ ခြေထောက်တွေ အများကြီးပါတဲ့ ပိုးကောင်တွေကို မြင်တဲ့အခါ ကြောက်လန့်တကြား ရှောင်ဖယ်ကြသူတွေရှိသလို စားစရာဆိုပြီး ၀မ်းသာအားရနဲ့ ကောက်ယူဖမ်းဆီးတဲ့သူတွေလည်း ရှိပါသေးတယ်။ အောက်ဖက်မှာတော့ အင်းဆက်ပိုးကောင်တွေကို အရသာရှိပြီး ပရိုတိန်းဓာတ်ပြည့်ဝတဲ့ စားစရာအဖြစ် စားသုံးကြတဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ

Xiongbearbear/Instagram

ထိုင်းနိုင်ငံတွင်းက ဈေးတွေထဲ သွားတဲ့အခါ အမျိုးစုံသော အကောင်ဗလောင်တွေကို ကြော်လှော်ထားတဲ့ ဆိုင်ခန်းတွေကို တွေ့ရပါလိမ့်မယ်။ များသောအားဖြင့်တော့ ဆီပူပူမှာ ကြွပ်ကြွပ်ကြော်ထားတဲ့ ပုရစ်၊ နှံကောင်နဲ့ သစ်ခေါင်းပိုးတွေပါ။ ထိုင်းဒေသခံတွေကတော့ ဒီအစားအစာတွေကို ပေါက်ပေါက်ဆုပ်စားသလိုပဲ တဂျွတ်ဂျွတ်နဲ့ စားရတာကို နှစ်သက်ပါတယ်။ အခုလို အကောင်ဗလောင်ကြော်တွေကို ပဲငံပြာရည်ဆမ်းပြီးတော့ပဲဖြစ်ဖြစ်၊ ဘီယာနဲ့မြည်းပြီးပဲ ဖြစ်ဖြစ် စားကြပါတယ်။

အီတလီနိုင်ငံ

terra sardinia/Instagram

အီတလီဟင်းလျာတစ်မျိုးဖြစ်တဲ့ Casu Marzu ထဲမှာဆိုရင် ပိုးလောက်တွေပါဝင်ပါတယ်။ ပိုးလောက်တွေကို ကြိတ်ထောင်းပြီး ပိုးလောက်ချိစ်အဖြစ်နဲ့ အီတလီသားတွေက စားသုံးတာ ဖြစ်ပါတယ်။ ၄င်းချိစ်ကို သိုးနို့ကနေ ပြုလုပ်တာဖြစ်ပြီး နို့ချဉ်ဖောက်နေတဲ့ အချိန်တွင်းမှာ လောက်တွေထည့်လိုက်တာ ဖြစ်ပါတယ်။ Casu Marzu အရသာရှိတယ်လို့ဆိုကြပြီး မက္ကစီကိုမြို့မှာတော့ အချိုပွဲအဖြစ် မကြာခဏစားသုံးလေ့ရှိကြပါတယ်။

မက္ကစီကိုနိုင်ငံ

Icantsuk/Instagram

ပုရွက်စိတ်တစ်ကောင်က ဥတစ်ဥ ဥတာပဲဖြစ်ဖြစ်၊ ဥအများကြီး ဥတာပဲ ဖြစ်ဖြစ် ပုရွက်ဆိတ်ဥတွေကို မြင်ရတဲ့အခါ ကြက်သီးထစရာကောင်းပါတယ်။ ဒါပေမယ့် မက္ကစီကိုနိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ ပုရွက်ဆိတ်ဘုရင်မရဲ့ ဥတွေကို စားစရာအဖြစ် သတ်မှတ်ပါတယ်။ များသောအားဖြင့် ပုရွက်ဥတွေကို ကြော်ပြီး စွတ်ပြုတ်၊ စတူး စတာမျိုးတွေ လုပ်စားကြပါတယ်။ ဒီဟင်းလျာကိုတော့ Esamol လို့ခေါ်ပြီး အရသာက အစေ့အနှံအရသာနဲ့ ဆင်ပါတယ်။

တရုတ်နိုင်ငံ

Ento Nation/Instagram

တရုတ်နိုင်ငံမှာရှိတဲ့ ထူးခြားတဲ့ စားသောက်ဖွယ်တစ်မျိုးကတော့ ကင်းမြီးကောက်တွေပဲ ဖြစ်ပါတယ်။ ကင်းမြီးကောက်တွေကိုတော့ သူတို့ကို မချက်ပြုတ်ခင်မှာ အရက်ထဲထည့် စိမ်ထားပါသေးတယ်။ တကယ်လို့ အရက်စိမ်ပြီး ကြော်ထားတဲ့ ကင်းမြီးကောက်တွေကို မစားချင်ဘူးဆိုရင်လည်း ဗီနီကာထဲ နှစ်စိမ်ပြီး ကြော်ထားတဲ့ ရေပိုးကောင်ကြော်နဲ့ အခြားပိုးလောင်းကောင်တွေကိုလည်း စားနိုင်ပါသေးတယ်။ အချို့စားသောက်ဆိုင်တွေကတော့ အရသာပိုရှိအောင်လို့ဆိုပြီး အင်းဆက်ပိုးကောင်တွေကို အကောင်အဆင့်မရောက်ခင် သားလောင်းဘ၀ထဲကပဲ ဖမ်းဆီးချက်ပြုတ်ကာ ရောင်းချလေ့ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံ

ger de hoog/Instagram

ပုစဉ်းကောင်လေးတွေဟာ မြင်ရတာ စိတ်ချမ်းမြေ့စရာပါ။ ချစ်စရာကောင်းသလို မြန်မြန်ဆန်ဆန်လည်း ပျံသန်းနိုင်ကြပါတယ်။ ဒါပေမယ့် သူတို့တွေဟာ အမြဲတမ်းတွေ့မြင်နေကြ သတ္တ၀ါတွေလည်း မဟုတ်ကြပြန်ပါဘူး။ ပုစဉ်းတွေကို အင်ဒိုနီးရှားနိုင်ငံမှာတော့ စားစရာအနေနဲ့ သတ်မှတ်ပါတယ်။ အင်ဒိုနီးရှားရဲ့ အချို့သော ခြင်ပေါများရာ ကျေးလက်ဒေသတွေမှာဆိုရင် သူတို့ကို ခြင်မကိုက်အောင်ဆိုပြီး ပုစဉ်းတွေကို စားသုံးကြပါတယ်။ ပုစဉ်းတွေကို စားတဲ့အခါမှာ တစ်ကောင်လုံးစားတာမဟုတ်ပဲ အတောင်တွေကို ဖယ်ပြီး စားလေ့ရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ ပုစဉ်းရဲ့အရသာဟာ ဂဏန်းသားနဲ့ ခပ်ဆင်ဆင်ပဲလို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE