အလုပ်ကို နေ့တိုင်းလမ်းလျှောက်ရတဲ့ စားပွဲထိုးမလေးကို သနားပြီး ကားဝယ်ပေးခဲ့တဲ့စုံတွဲ

CNN

အမေရိကန် တက္ကဆက်မှာနေထိုင်တဲ့ အသက်(၁၈)နှစ်အရွယ် ဝိတ်တာမလေး Adrianna Edwards ဟာ Galveston မှာတည်ရှိတဲ့အလုပ်ရှိရာကို နေ့စဉ် (၁၄)မိုင်တိတိ လမ်းလျှောက်သွားနေရတဲ့ ဒုက္ခက ကင်းလွတ်သွားပါပြီ။ သူမဟာ Galveston မှာတည်ရှိတဲ့ Denny’s စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။

ယခင်က အိမ်ကနေ အလုပ်ကို တစ်နေ့(၅)နာရီ သွားခဲ့ရပါတယ်။ သူမရဲ့အဖြစ်ကို ကိုယ်ချင်းစာတဲ့ အမည်မဖော်လိုသူ စုံတွဲက ကားတစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ သူမ လက်ခံရရှိခဲ့တဲ့ကားကတော့ Nissan Sentra ဖြစ်ပြီး၊ ဒီလက်ဆောင်အတွက် ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ Adrianna က ပြောခဲ့ပါတယ်။

 

အမည်မဖော်လိုသူစုံတွဲဟာ Adrianna တာဝန်ထမ်းဆောင်ရတဲ့ ဆက်ရှင်မှာ လာရောက်စားသောက်စဉ်၊ သူမရဲ့အကြောင်းကို တီးခေါက်ကြည့်ပုံရပါတယ်။ Adrianna ကလည်း သူမရဲ့ အခက်အခဲတွေကို သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ရာ၊ ဒါကို အဲဒီစုံတွဲက သနားသွားခဲ့တာပါ။

အဆိုပါစုံတွဲဟာ စားလို့သောက်လို့ ပြီးတော့ ဆိုင်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ သို့ပေမယ့် နောက်ထက် နာရီအနည်းငယ်ကြာတဲ့အခါမှာ ကားအသစ်တစ်စီးနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ သတင်းဌာနနဲ့တွေ့ဆုံစဉ်မှာ Adrianna က သူမလည်း ကားဝယ်ဖို့ ပိုက်ဆံစုနေခဲ့ပေမယ့်၊ အခုတော့ လူမစွမ်း နတ်မခဲ့ပြီလို့ ပြောပါတယ်။

CNN

Adrianna ဟာ အင်္ဂါနေ့အလုပ်ဆင်းချိန်မှာ သူမအတွက် ကားတစ်စီးရောက်နေခဲ့တယ်ဆိုတာကို ယုံတောင်မယုံနိုင်ခဲ့ဘဲ တစ်ယောက်ယောက်က နောက်နေတာလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူစိမ်းတွေက သူမအပေါ် ဘယ်လောက်ကောင်းခဲ့တယ်ဆိုတာ အိပ်မက်မဟုတ်ခဲ့ပါဘူး။ အခုဆိုရင် သူမဟာ မိနစ်(၃၀)လောက်နဲ့ ရောက်နိုင်သွားပါပြီ။

ဒါတင်မကသေးဘဲ သူမ စုဆောင်းထားတဲ့ ပိုက်ဆံတွေက ကားအတွက် မကုန်တော့ပြီမို့ ကောလိပ်ကို ထင်ထားတဲ့နှစ်ထက် ပိုပြီးစောစောတက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီကားကို အံ့အားသင့်ဖွယ်ရာ လက်ဆောင်ပေးခဲ့တဲ့ စုံတွဲကတော့ သူတို့က စေတနာသက်သက်သာ ကူညီပေးခဲ့တာဖြစ်ပြီး၊ ကလေးမဆီက ဘာကိုမှ မမျှော်လင့်ပါဘူးလို့ ပြောပါတယ်။

CNN

စေတနာရှင် အမျိုးသမီးက “ သူ့အနေနဲ့ စိတ်လှုပ်ရှားပြီး ငိုတာကိုမြင်ရတော့ ကျွန်မ အတိုင်းမသိ ပီတိဖြစ်မိတယ် … ဒါဟာ တကယ့်ကို ကျေးဇူးတုန့်ပြန်မှုတစ်ခုပါဘဲ … ကျွန်မတို့က ဘာမှ မမျှော်လင့်ပေမယ့် သူ အဆင်ပြေချမ်းသာတဲ့အခါ တစ်စုံတစ်ယောက်ကို ဒီလို ပြန်ပြီးကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသုတ

SHARE