
ကားမောင်းတဲ့အခါမျိုးမှာတော့ ဘယ်သူမဆို ကားဘေးက ဘက်မှန်ကို အမြဲလိုလို ကြည့်ရမှာပါ။ ရုတ်တရက် ကိုယ့်ရဲ့ ဘက်မှန်ကို ကြည့်လိုက်တဲ့အခါမှာ ဘေးကလေကာမှန်မှာ မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရရင် ဘယ်သူမဆို ကြောက်လန့်သွားကြမှာပါ။ ရုတ်တရက် အကြောက်လွန်သွားရင် ယာဉ်တိုက်မှုတွေဘာတွေတောင် ဖြစ်နိုင်ပါတယ်။ အဲဒီလို အဖြစ်အပျက်ကို နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရတာကတော့ သြစတြေးလျနိုင်ငံက စုံတွဲတစ်တွဲပဲ ဖြစ်ပါတယ်။

အဆိုပါ အဖြစ်အပျက်ဟာ သြစတြေးလျနိုင်ငံ၊ New South Wales ပြည်နယ်ရှိ ကားလမ်းမတစ်ခုပေါ်မှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ Rachel Pace လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ ချစ်သူကောင်လေး Kyle Vella တို့ဟာ ဒီအတိုင်းကားမောင်းလာရင်း ကားဘေးမှန်မှာ မြွေတစ်ကောင် ကပ်ပြီးလိုက်ပါလာတာကို သတိထားခဲ့မိပါတယ်။ အဲဒီနောက်မှာတော့ Rachel ဟာ အဆိုပါ မြွေကို တောက်လျှောက်ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ မြွေကတော့ အစပိုင်းမှာ ဒီအတိုင်း ငြိမ်နေရာကနေ Rachel တို့ရဲ့ ဆူညံသံတွေကြောင့် လှုပ်ရှားစပြုလာခဲ့ပါတယ်။

Rachel တို့လည်း အစပိုင်းမှာ ဒီအတိုင်း ဗီဒီယိုရိုက်နေရာကနေ မြွေရဲ့ လှုပ်ရှားလာမှုကြောင့် အထိတ်တလန့် ဖြစ်လာခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြွေဟာ အပြင်မှာ ဒီအတိုင်းမနေပဲ ကားထဲဝင်ဖို့ကို အပေါက်တစ်ခုခုလိုက်ရှာနေမှန်း Rachel တို့ ရိပ်မိခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ Kyle ဟာ ကားကို ရပ်လိုက်ပြီး တံခါးတွေပိတ်ကာ အပြင်သို့ ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ Rachel တို့ အဖြစ်အပျက်ကို ရိပ်စားမိတဲ့ ကားလမ်းမဘေးက အိမ်တစ်အိမ်က လူတစ်ယောက်ဟာ ထွက်လာခဲ့ပြီး မြွေကို ကားပေါ်ကဆင်းသွားအောင် မောင်းထုတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါမြွေဟာ လမ်းမအနီးမှာရှိတဲ့ ခြုံတစ်ခြုံထဲကို ရုတ်တရက်ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။
Pyi Hein Kyaw