နေအိမ်ထဲ ဖောက်ထွင်းဝင်ပြီး ကိုယ့်အိမ်ယာလို နေထိုင်ခဲ့တဲ့ သူခိုးတွေရဲ့ အဖြစ်

ဖောက်ထွင်းသူခိုးစုံတွဲတစ်တွဲဟာ အိမ်တစ်အိမ်ထဲဝင်ကာ အဖိုးတန်ပစ္စည်းတွေကိုခိုးပြီး ကိုယ့်အိမ်ကိုယ့်ယာလို ပြုမူနေထိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ၄င်းသူခိုးနှစ်ဦးဟာ အသက်(၃၈) နှစ်အရွယ် ရစ်ချက် အာရ် နစ်ပယ်လ်နဲ့ အသက်(၂၀) နှစ်အရွယ် ကမ်မရီ ဒီ ကန့်တ်ဝဲလ်တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ အိမ်ရာမဲ့တွေ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စုံတွဲဟာ အိမ်တစ်အိမ်ထဲကို ဖောက်ထွင်းဝင်ပြီးနောက် အိမ်တွင်းပစ္စည်းတွေကို သူတို့မောင်းလာတဲ့ ထရပ်ကားတစ်စီးထဲ အရင်ထည့်ပါတယ်။ ပြီးတဲ့အခါ အိမ်ထဲပြန်ဝင်ပြီး အ၀တ်လျှော်၊ ရေချိုးကာ ကော်ဖီတောင် နှပ်သောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အိမ်ရှင်အမျိုးသမီး ပြန်ရောက်လာပါတယ်။ အိမ်ရှင်က အိမ်ဝင်းထဲမှာ ထရပ်ကားတစ်စီးရပ်ထားတာကို တွေ့တာကြောင့် သံသယ၀င်ပြီး ချက်ခြင်း ရဲတိုင်ခဲ့ပါတယ်။

ရဲတွေ ရောက်မလာခင် အိမ်ရှင်အမျိုးသမီးဟာ သူမအိမ်နားမှာနေတဲ့ ဆွေမျိုးတစ်ဦးကို အကူအညီတောင်းခဲ့ပါတယ်။ ထိုသူက သေနတ်နဲ့ ရောက်လာပြီး နှစ်ယောက်သား အိမ်ထဲဝင်ကာ ကော်ဖီသောက်ပြီး ဇိမ်ကျနေတဲ့ သူခိုးနှစ်ကောင်ကို သေနတ်နဲ့ ချိန်ရွယ်ကာ ဖမ်းဆီးခဲ့ပါတယ်။ ရဲတွေရောက်လာတဲ့အခါမှာတော့ သူခိုးနှစ်ကောင်ကို ကားဂိုထောင်က မြေပြင်ပေါ်မှာ လဲလျောင်းအနေအထားနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

၎င်းတို့ရဲ့ ထရပ်ကားထဲမှာတော့ အိမ်ရှင်ဆီက ခိုးယူထားတဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ၊ ကွန်ပြူတာနဲ့ အကြွေးဝယ်ကဒ်တွေကို သိမ်းဆည်းမိခဲ့ပါတယ်။ ရဲတွေကတော့ သူခိုးနှစ်ကောင်ဟာ အိမ်ထဲဝင်ကာ အေးဆေး ပစ္စည်းခိုး၊ အ၀တ်လျှော်၊ ရေမိုးချိုးကာ ကော်ဖီဖျော်သောက်ခဲ့တဲ့အထိ အတင့်ရဲလွန်းသူတွေဖြစ်ကြကြောင်း ဆိုပါတယ်။ ဒါ့အပြင် ဖောက်ထွင်းသူခိုး အမျိုးသားဟာ အဖမ်းခံရချိန်မှာ မူးယစ်ဆေးသုံးထားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ အိမ်ယာမဲ့သူခိုးတွေဟာ ထိုက်သင့်ပြစ်ဒဏ်ခံယူဖို့ စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
သမီးတွေနဲ့ဓာတ်ပုံတွဲရိုက်တိုင်း ဘယ်သူအမေလဲ အမေးခံနေရတဲ့ မိခင်

Ref: Dailymail

SHARE