ချစ်သူဟောင်းကို အရှက်ခွဲခဲ့တဲ့ အမျိုးသမီး၊ လျှော်ကြေး ဒေါ်လာတစ်သိန်းခွဲ ပေးရမည်

Instagram/Noelle Halcrow

အင်စတာဂရမ်မှာ လူသိများတဲ့ အမျိုးသမီးတစ်ဦးဟာ ချစ်သူဟောင်းဆီကနေ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ပျံ့နှံ့နေကြောင်း မဟုတ်သတင်း လိမ်လည်ပြောကြားခဲ့လို့ အခုဆိုရင် သူ့ကို တရားရုံးက လျှော်ကြေး ဒေါ်လာ (၁၅၄,၀၀၀) အထိ ပေးဖို့ အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပိုက်ဆံတွေကို နစ်နာသူ ချစ်သူဟောင်းအမျိုးသားထံ ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးရဲ့အမည်ကတော့ Noelle Halcrow ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ၊ Vancouver မှာ နေထိုင်သူပါ။ သူမဟာ လူမှုကွန်ရက်မှာ ချစ်သူဟောင်း အမျိုးသားက လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ ဖြန့်ဖြူးနေသြူုဖစ်ကြောင်း လုပ်ကြံရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ချစ်သူဟောင်းအမျိုးသားမှာ လူမှုရေးအရ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပြီး၊ အရှက်တကွဲ အကျိုးနည်းခဲ့ရပါတယ်။

 

Noelle ရဲ့ချစ်သူဟောင်းမှာ Brandon Rook ဖြစ်ပြီး၊ သူဟာ စီးပွားရေးဆိုင်ရာအကြံပေးတစ်ဦး ဖြစ်ပါတယ်။ (၂၀၁၅)ခုနှစ်မှာ သူတို့တစ်တွေ ချစ်သူဖြစ်ခဲ့ကြပြီး၊ (၂၀၁၆)ခုနှစ်မှာ ချစ်သူအဖြစ်က ပြတ်စဲခဲ့ကြပါတယ်။ အဲဒီကတည်းက Noelle ဟာ ချစ်သူဟောင်းကို လူမှုကွန်ရက်ကနေ စောင်းမြောင်း တိုက်ခိုက်ခဲ့ပါတယ်။

YouTube/Brandon Rook

သူမရဲ့ အင်စတာဂရမ်ပို့စ်တစ်ခု “ လူသိများတဲ့ ဖောက်ပြန်သူတစ်ယောက်ပါ … လိင်ပိုင်းကူးစက်ရောဂါတွေ ဖြန့်ဝေရင်း အဲဒါကို ဂုဏ်ယူနေတယ် ”လို့ ရေးသားခဲ့ပါတယ်။ သူမဟာ Rook ထိခိုက်နစ်နာစေဖို့ ဒီလို ရေးသားမှုပေါင်း (၁၀၀)လောက်ထိ ပြုလုပ်ခဲ့ပြီး၊ အင်စတာဂရမ် အကောင့်အမျိုးမျိုးကနေ တင်ခဲ့သလို၊ cheatersandbastards.com နဲ့ stdregistry.org အမည်ရ Web တွေပေါ်ကနေ ရေးခဲ့ပါတယ်။

 

Noelle ဟာ အင်စတာဂရမ်မှာ စတိုင်ဘလော့ဂါအဖြစ် ရပ်တည်နေပြီး၊ တရားရုံးက သူမရဲ့လုပ်ရပ်တွေအားလုံးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခုလို ဒဏ်ကြေးမြင့်မားစွာ ချလိုက်ခြင်းက သူမရဲ့အဖြစ်ကို အခြားသူတွေလည်း သင်ခန်စားယူနိုင်ဖို့ဖြစ်ကြောင်း တရားရုံးက ဆိုပါတယ်။ ရှေ့နေတစ်ဦးကတော့ Noelle ရဲ့လုပ်ရပ်ကို “ တစ်ဖက်သားကို ကမ္ဘာသိအောင် အသရေဖျက်တာနဲ့ တူညီနေပါတယ် ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လင်းသုတ

SHARE