ပေါင် (၁၄၂)သန်းနဲ့ ကော်တင်ဟိုကို ခေါ်ယူဖို့ ဘာစီလိုနာ သဘောတူညီမှုရရှိ

လီဗာပူးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းခဲ့တဲ့ ပေါင် (၁၄၂)သန်းကို လီဗာပူးဘက်က လက်ခံလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်း အလိုရှိဆုံး ကစားသမားစာရင်းမှာ ပါဝင်သူဖြစ်ပြီး၊ ယမန်နှစ်အပြောင်းအရွှေ့ကာလကတည်းက ကော်တင်ဟိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် လိဗာပူးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ဒီသတင်းကို အတည်ပြုထားခြင်း မရှိပေမယ့် ကတ်တလန်အခြေစိုက်သတင်းစာတွေကတော့ သဘောတူညီမှုရခဲ့တာ အမှန်ဖြစ်ကြောင်း၊ အပြောင်းအရွှေ့မှာ ယခုရက်သတ္တပတ်အတွင်း အဆုံးသတ်မှာဖြစ်ကြောင်း အတည်ပြု ရေးသားနေကြပါတယ်။

ဒါ့အပြင် လက်ရှိသတင်းထွက်ပေါ်နေချိန်မှာ ကစားသမားနဲ့ အေးဂျင့်ဖြစ်သူတို့ဟာ စပိန်ကို ရောက်ရှိနေပြီး၊ နောက်ဆုံး ဆွေးနွေးမှုတွေအတွက် ဆက်လက်ပြုလုပ်နေကြကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးအသင်းဟာ ကော်တင်ဟို ဘာစီလိုနာမှာ ကစားတဲ့ပွဲတွေနဲ့ စွမ်းဆောင်ရည်တွေအတွက် အကျိုးခံစားခွင့် ရဦးမှာလို့ သိရပါတယ်။

အသက် (၂၅)နှစ်အရွယ် ကော်တင်ဟိုဟာ လီဗာပူးအသင်းနဲ့အတူ ပွဲပေါင်း (၁၅၂)ပွဲ ကစားခဲ့ပြီး၊ (၄၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းကို အင်တာအသင်းမှ ပေါင် (၈.၅)သန်းနဲ့ ၂၀၁၃ ခုနှစ်မှာ ရောက်ရှိခဲ့သူဖြစ်ပြီး၊ လီဗာပူးအသင်းဟာ သူ ရောက်ရှိတဲ့နှစ်က စပြီး ပုံမှန်နှစ်တွေထက် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

READ
2015/2016ရာသီတုန်းက ရော်နယ်လ်ဒိုသွင်းခဲ့တဲ့အလန်းဆုံး(၁၀)ဂိုး

ဒါကြောင့် ထိုစဉ်က ကော်တင်ဟို-ဆွာရက်ဇ် အစရှိတဲ့ ထိပ်သီးကစားသမားတွေအစွမ်းနဲ့ ဆယ်စုနှစ်နှစ်စုကျော်ကြာ ဝေးကွာနေတဲ့ ပရီးမီယားလိဂ်ဖလားကြီးကို ပြန်လည်စိတ်ကူးယဉ်လာခဲ့ပေမယ့် အခု ကော်တင်ဟို လီဗာပူးကနေ ထွက်ခွာဖို့ သေချာသလောက်အနေအထားကို ရောက်ရှိအချိန်ထိ ဒီဖလားအိပ်မက်က အကောင်အထည် မပေါ်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : express.co.uk

SHARE