သစ်ခေါင်းအတွင်းမှာ ခေါင်းတစ်နေလို့ ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတဲ့ နွားလေး

Twitter/oxfordshire resuce and fire service

ဦးချို့ရှိတဲ့သတ္တဝါတွေဟာ ဦးချိုကြောင့် ဒုက္ခရောက်တတ်ပါတယ်။ “သမင်ချိုယှက် ပွေးတွင်းထွက်”ဆိုတဲ့ စကားလေးကို ကြားဖူးကြပါလိမ့်မယ်။ သမင်တွေဟာ တစ်ကောင်နဲ့တစ်ကောင် ဆော့ကစားရင်းပဲဖြစ်ဖြစ်၊ ခိုက်ရန်ဖြစ်ပွားခြင်းပဲ ဖြစ်ဖြစ် ချိုချင်းယှက်မိရင် ဖြုတ်ရတာမလွယ်ဘဲ အသက်သေသည်အထိ ဖြစ်တတ်ပါသတဲ့။

ပွေးတွေကလည်း တွင်းထဲမှာသာ ပိုပြီးလုံခြုံကြပါတယ်။ သူတို့တစ်တွေ တွင်းပြင်ကိုရောက်ရင် ရန်သူတွေက အလွယ်တကူ တိုက်ခိုက်နိုင်ကြလို့ သေဘေးနဲ့ နီးပါသတဲ့။ ဒါကြောင့် ဘယ်သတ္တဝါပဲဖြစ်ဖြစ် ကိုယ့်အတွက် ဘေးကင်းလုံခြုံမှုအများဆုံးနေရာကို ရွေးချယ်တတ်ရပါတယ်။

အခုလည်း နွားမတစ်ကောင်ကတော့ ဦးချိုကြောင့် ဒုက္ခရောက်ရပါတော့တယ်။ သူမဟာ သစ်ပင်ရဲ့အခေါင်းထဲမှာ ခေါင်းတစ်နေတဲ့အဖြစ်ပါ။ ဒီအဖြစ်အပျက်ဟာ အောက်စဖို့ဒ်၊ Water Eaton မှာ ဖြစ်ခဲ့တာပါ။ နွားလေးကို ကယ်ဆယ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေ မြောက်များစွာ အလုပ်ရှုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာ Mark Merrony က “ သစ်ပင်အခေါင်းထဲမှာ သူမ ခေါင်းတစ်နေတာပါ .. သနားစရာ သတ္တဝါလေးပါ … ကျွန်တော့်အထင် သူတို့က အတော်လေး စပ်စုတဲ့ သတ္တဝါတွေ ဖြစ်ပါတယ် … သူတို့စပ်စုစိတ်ကြောင့် အသက်သေမလို ဖြစ်ခဲ့ရှာတာ ”လို့ ပြောခဲ့ပါတယ်။

Our crews from Kidlington and Rewley Road (Oxford) has an unusual rescue today when called to rare incident – a ‘Cow…

Posted by Oxfordshire Fire and Rescue Service (Official) on Thursday, July 30, 2020

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ နွားရဲ့လည်ပင်းပတ်ပတ်လည်ကို ချောဆီတွေနဲ့လောင်းပြီး ဆွဲထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ လာရောက်အကူအညီပေးခဲ့တဲ့ မီးသတ်တပ်ဖွဲ့ကတော့ Oxfordshire Fire and Rescue ဖြစ်ပြီး တိ/ကုဆရာဝန် မရောက်ခင်မှာ နွားကို ကယ်ဆယ်ဖို့ ဆိုင်းငံ့ထားရသေးတယ်လို့ ဆိုပါတယ်။

နွားမလေးဟာ ဒီအပင်မှာ တစ်နေခဲ့တာ တစ်နာရီလောက် ရှိနေပါပြီ။ သူမကို ကယ်ဆယ်ဖို့အတွက် အချိန်တော်တော်ကြာအောင် ယူခဲ့ရပြီး၊ နေ့တစ်ဝက်လောက် အရောက်မှာ သူမကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနွားမလေးဟာ ချိုသွေးဆော့ကစားရင်းနဲ့ အခုလို ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ခေါင်းထဲမှာ ဘာရှိသလဲဆိုတာ စပ်စုရင်းနဲ့လည်း အခုလို ဒုက္ခရောက်တာ ဖြစ်နိုင်ကောင်းတယ်လို့ ကောက်ချက်ချရပါတယ်။

လင်းသူရိန်

SHARE