လူ့အဖွဲ့အစည်းကိုတိုးတက်စေတဲ့ တီထွင်မှုများနောက်ကွယ်က အမျိုးသမီးဂျီးနီးယက်စ်များ

Wikimedia Commons

အမျိုးသမီးတွေဟာ အရင်တုန်းက ကျားမခွဲခြားဆက်ဆံခံရမှုတွေကို အလုပ်သမားဈေးကွက်မှာရော၊ နေ့စဉ်လူနေမှုဘ၀တွေမှာပါ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်တွေမှာ ရဲရင့်တဲ့အမျိုးသမီးတွေဟာ အဲ့ဒီခေတ် အဲ့ဒီအခါတုန်းက သူတို့ကိုခတ်ထားတဲ့ဘောင်ကို ချိုးဖျက်ပြီး လူအဖွဲ့အစည်းအတွက် အရေးပါတဲ့ ဖန်တီးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ အကျိုးရှိတဲ့ဖန်တီးမှုတွေနဲ့ သမိုင်းတွင်ခဲ့ကြတဲ့အမျိုးသမီးတွေအကြောင်းကို brightside ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

မမြင်နိုင်တဲ့မှန်

Katharine Burr Blodgett ဟာ (၁၉၂၆) ခုနှစ်က ကိန်းဘရစ်တက္ကသိုလ်မှာ ရူပဗေဒကို ဒေါက်တာဘွဲ့ရခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်ပါတယ်။ နှစ်အနည်းငယ်အကြာမှာတော့ သူမဟာ ရောင်ပြန်အားအနည်းဆုံး မမြင်နိုင်တဲ့မှန်ကို တီထွင်ခဲ့ပါတယ်။ ဒီဖန်တီးမှုဟာ သူမခေတ်အခါတုန်းက ကင်မရာ၊ မိုက်ကရိုစကုပ်နဲ့ ပရော်ဂျက်တာနည်းပညာတွေအတွက် များစွာအသုံးဝင်ခဲ့ပါတယ်။

pexels/Suzy Hazelwood

မိုနိုပိုလီ

ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Elizabeth J.Phillips ဟာ ထင်ရှားတဲ့အကွက်ချကစားနည်း မိုနိုပိုလီရဲ့ ဖန်တီးရှင်ပါ။ အစပိုင်းကတော့ Elizabeth က စီးပွားရေးအယူအဆနဲ့ အရင်းရှင်စနစ်ရဲ့ အန္တရာယ်များပုံကို သိစေလိုတဲ့အတွက် မိုနိုပိုလီကိုထွင်ခဲ့တာပါ။ ဒီဂိမ်းရဲ့ မူပိုင်ခွင့်ကို Charles Darrow ဆိုသူက တီထွင်သယောင်နဲ့ (၁၉၀၄) ခုနှစ်မှာ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်ရသွားတဲ့ကုမ္ပဏီက နောက်ပိုင်း မူလတီထွင်သူ Elizabeth နဲ့ ပြန်လည်တွေ့ဆုံပြီး လျော်ကြေးပေးခဲ့ပါတယ်။

READ
ကမ္ဘာပေါ်မှာ လက်ဖက်ခြောက်အများဆုံးထုတ်လုပ်တဲ့ နိုင်ငံများ

ကြိုးမဲ့ဆက်သွယ်ရေးစနစ်

ရုပ်ရှင်မင်းသမီးလည်းဖြစ်၊ တီထွင်ဖန်တီးရှင်လည်းဖြစ်တဲ့ Hedy Lamarr ဟာ သူငယ်ချင်းဖြစ်သူ တေးရေးဆရာ George Antheil နဲ့ပူးပေါင်းပြီး ယနေ့ခေတ် Wifi ရဲ့ ခေတ်ရှေ့ပြေးနည်းပညာကို တီထွင်ခဲ့ပါတယ်။ သူမရဲ့ အိုင်ဒီယာက တော်ပီဒိုတွေကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်ဖို့၊ ကိုယ့်ဆီက သတင်းအချက်အလက်တွေကို ရန်သူတွေဖြတ်မယူအောင် ကာကွယ်နိုင်ဖို့နဲ့ အသံလှိုင်းခွင်ထဲက ရေဒီယိုအချက်ပေးသင်္ကေတတွေရဲ့ ကြိမ်နှုန်းကို ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက အမေရိကန်ရေတပ်က ဒီအကြံကို ချက်ချင်းအကောင်အထည်မဖော်သေးပဲ နှစ်ပေါင်းများစွာ ကြာပြီးမှ အသုံးပြုခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်နှောင်းပိုင်းကျတော့မှ Lamarr နဲ့ Antheil ကို သူတို့ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ထူးချွန်ဆုကြီး ချီးမြှင့်ခဲ့တာပါ။

pexels/Daniel Frank

ဆေးထိုးအပ်

ပထမဆုံးပြွန်ကျပ်ထားတဲ့ ဆေးထိုးအပ်ကို အမေရိကန်သူနာပြု Letitia Mumford Geer ဆိုသူက (၁၈၉၉) ခုနှစ်မှာ တီထွင်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်က ဆရာဝန်တွေအနေနဲ့ လက်တစ်ဖက်တည်းသုံးပြီး လူနာအတွက် လုပ်စရာရှိတာတွေကို အကုန်လုပ်နိုင်အောင်လို့ပါ။ သူမရဲ့ တီထွင်ဖန်တီးမှုဟာ ကျန်းမာရေးနယ်ပယ်မှာ အရမ်းအရေးပါခဲ့ပြီး လူတွေယနေ့သိကြတဲ့ ဆေးထိုးအပ်ရဲ့ အဦးအစတီထွင်မှုလည်း ဖြစ်ခဲ့ပါတယ်။

READ
အသက်မပြည့်သူတွေ ဝင်ရောက်ခွင့် တားမြစ်ထားသည့် နိုင်ငံအနှံ့မှနေရာများ

အသက်ကယ်လှေ

Maria Beasley ဟာ စည်ပိုင်းတွေကို တီထွင်ဖန်တီးခဲ့သူပါ။ စည်ပိုင်းကြီးတွေ တီထွင်ဖန်တီးမှုအပြီးမှာ သူမဟာ ပိုပြီး ကျစ်လစ်သိပ်သည်းရမယ်၊ ပိုပြီး လုံခြုံမှုလည်း ရှိရမယ်၊ မီးလည်းမလောင်နိုင်တဲ့အပြင် အသုံးပြုရတာလည်း လွယ်ကူမယ့် အသက်ကယ်လှေတစ်စင်းကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (၁၈၈၀) ခုနှစ်မှာတော့ သူမဟာ လှေဒီိဇိုင်းသစ်ကို တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောင်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ သူမရဲ့ အသက်ကယ်ငယ်လှေက တိုင်တန်းနစ်လို သင်္ဘောနစ်မြှုပ်မှုထဲ လူပေါင်းများစွာရဲ့ အသက်ကို ကယ်နိုင်ခဲ့မယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။

လင်းလင်း (ShweMom)

SHARE