စီရော်နယ်ဒိုရဲ့ ဆံပင်ညှပ်ဆရာ ဟိုတယ်အခန်းတွင်းမှာ ဓားထိုးခံရပြီးသေဆုံးနေ

Twitter / EI Plural

ကမ္ဘာကျော်ဘောလုံးသမားကြီး စီရော်နယ်ဒိုရဲ့ ဆံပင်ပုံစံကို ဖန်တီးပေးခဲ့တဲ့ ထိပ်သီးနာမည်ကြီး ဆံပင်ဒီဇိုင်းပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Ricardo Marques Ferreira ဟာ ဆွစ်ဇာလန်က ဟိုတယ်အခန်းတစ်ခုအတွင်းမှာ ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံရပြီး၊ သေဆုံးနေတယ်လို့ သိရပါတယ်။ Ricardo ရဲ့အလောင်းကို ဟိုတယ်သန့်ရှင်းရေးလုပ်သားက ပြီးခဲ့တဲ့အပတ် သောကြာနေ့က ခုတင်ပေါ်မှာ လဲကျသေဆုံးနေလျှက် တွေ့ရှိခဲ့ရတာပါ။

Ricardo သေဆုံးခဲ့တဲ့တဲ့ ဟိုတယ်ကတော့ ဇူးရစ်မြို့မှာ တည်ရှိပါတယ်။ လူသတ်မှုအတွက် သံသရှိနေတဲ့ အသက်(၃၉)နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ သူ့အမည်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဘရားဇီးနိုင်ငံသား ဖြစ်ပုံရတယ်လို့ သိရပါတယ်။

ပေါ်တူဂီအခြေစိုက် လူပြိန်းကြိုက်သတင်းစာတစ်စောင်ဖြစ်တဲ့ Correio da Manha ကတော့ Ricardo ကို “စီရော်နယ်ဒိုရဲ့ ဆံသဆရာ”လို အမွှမ်းတင်ထားပါတယ်။ သူဟာ မိတ်ကပ်ပညာရှင်အဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ပြီး၊ ရော်နယ်ဒိုနဲ့ မွေးရပ်ဇာတိတူ၊ ပေါ်တူဂီ Madeira ကျွန်းဇာတိ ဖြစ်ပါတယ်။

Ricardo ဟာ (၂၀၁၅)ခုနှစ် စက်တင်ဘာလက ရော်နယ်ဒိုရဲ့ဆံပင်စတိုင်အသစ်ကို ဖန်တီးခွင့်ရခဲ့သူဖြစ်ပြီး၊ အဲဒီနောက်မှာတော့ သူဟာ အရှိန်အဟုန်ပြင်းစွာ သူနဲ့ သက်ဆိုင်တဲ့နယ်ပယ်မှာ နာမည်ပိုကြီးလာခဲ့ပါတယ်။ သူ့ကို သောကြာနေ့ နေ့လည် (၂)နာရီလောက်က ဓားဒဏ်ရာအချက်ပေါင်းများစွာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

လူသတ်ရာမှာ အသုံးပြုသွားတဲ့ လက်နက်တော့ အခင်းဖြစ်နေရာမှာ မတွေ့ခဲ့ရပါဘူး။ Ricardo ကို အများက နာမည်ပြောင် Caju လို့ ခေါ်ကြပြီး၊ သူဟာ ဇူးရစ်မြို့မှာ လွန်ခဲ့တဲ့(၂)နှစ်လောက်ကတည်းက စတင်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပေါ်တူဂီဖွား မော်ဒယ်တွေ၊ မင်းသားမင်းသမီးတွေရဲ့ လက်စွဲတော် အလှဖန်တီးရှင်တစ်ဦးဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ ရော်နယ်ဒိုဘက်က တစ်စုံတရာ ထုတ်ဖော်တုန့်ပြန်တာမျိုး မရှိသေးပါဘူး။ သူရဲ့အေဂျင်စီဖြစ်တဲ့ Gestifute ကတော့ ရော်နယ်ဒိုဘက်က ဘာတုန့်ပြန်မလဲဆိုတာ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ခဲ့ရာ ရပ်ကွက်ကတော့ Albisrieden လို့ သိရပြီး၊ ဇူးရစ်မြိုက Nine ခရိုင်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရပ်ကွက်လို့ သိရပါတယ်။

လင်းသူရိန်

SHARE