Corinth တူးမြောင်းကိုဖြတ်သန်းနိုင်ခဲ့တဲ့ အကြီးဆုံးသင်္ဘောဖြစ်ခဲ့တဲ့ Breamar

Twitter / Metro

ဂရိနိုင်ငံရဲ့ နာမည်ကျော်တူးမြောင်းတစ်ခုဖြစ်တဲ့ Corinth Canal ဟာ သင်္ဘောကြီးတွေ သွားလာဖို့ မဖြစ်နိုင်တဲ့ အလွန်ကျဉ်းမြောင်းတဲ့ တူးမြောင်းဖြစ်ပါတယ်။ ဒီတူးမြောင်းကို (၁၈၈၂)ခုနှစ်မှာ စတင်တူးဖော်ခဲ့တာဖြစ်ပြီး၊ (၁၁)နှစ်အကြာ (၁၈၉၃)ခုနှစ်မှာမှ ဖွင့်လှစ်နိုင်ခဲ့တာပါ။

တူးမြောင်းအရှည်အားဖြင့် (၃.၉)မိုင်ဖြစ်ပြီး၊ ရေအနက် (၂၆)ပေသာ ရှိပါတယ်။ တူးမြောင်းရဲ့ အကျယ်ကတော့ ရေအောက် (၆၉)ပေဖြစ်ပြီး၊ ရေမျက်နှာပြင် (၈၂)ပေ ကျယ်ပါတယ်။ ထိုခေတ်ထိုအခါက သာမန်လှေတွေ၊ ရွက်တပ်သင်္ဘောကြီးတွေ သွားလာဝင်ထွက်ဖို့ ရည်ရွယ်တူးဖော်ခဲ့တာဆိုပေမယ့်၊ မျက်မှောက်ခေတ် ခေတ်မီသင်္ဘောတွေကတော့ ဒီတူးမြောင်းကို ရှောင်ရပါတယ်။

အခု အဲဒီတူးမြောင်းကို ဖြတ်သန်းနိုင်ခဲ့တဲ့ အကြီးဆုံးသင်္ဘောအဖြစ် ရပ်တည်နိုင်ခဲ့တာကတော့ Breamar ဇိမ်ခံသင်္ဘောဖြစ်ပါတယ်။ ဒီဇိမ်ခံသင်္ဘောကတော့ Fred. Olsen Cruise Lines က ပိုင်ဆိုင်ပါတယ်။ Breamar သင်္ဘောဟာ ပြီးခဲ့တဲ့စက်တင်ဘာ (၂၇)ရက်က ဆောက်သမ်တန်ကနေ ရွက်လွှင့်လာခဲ့တာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ခရီးသည် (၉၂၉)ဦး ပါဝင်ပါတယ်။ ဇိမ်ခံခရီးစဉ်အမည်ကတော့ ‘Corinth Canal and Greek Islands’ ဖြစ်ပြီး၊ (၂၅)ညအိပ် ခရီးစဉ်ဖြစ်ပါတယ်။ Breamar သင်္ဘောဟာ (၁၉၅.၈၂)မီတာ သို့မဟုတ် (၆၄၃)ပေခန့် အရှည်ရှိပါတယ်၊ အကျယ်ကတော့ (၂၂.၅၂)မီတာ သို့မဟုတ် (၇၄)ပေ နီးပါး ဖြစ်ပါတယ်။

သင်္ဘောရဲ့ အလေးချိန်ကတော့ (၂၄၃၄၄)တန် ဖြစ်ပါတယ်။ ဆိုရရင် သင်္ဘောရဲ့အရွယ်အစားဟာ Corinth Canal ရဲ့ ရေမျက်နှာပြင်အကျယ်နဲ့ (၈)ပေသာ ခြားနားချက်ရှိလို့ အလယ်အူကြောင်းကနေ မောင်းမယ်ဆိုပါက ဘေးဘက်မှာ လွတ်ကင်းမှုက (၄)ပေစီသာ ရှိပါတယ်။

တကယ် ကျွမ်းကျင်တဲ့ သင်္ဘောမာလိန်မှူးသာ ဒီလိုသင်္ဘောမျိုးကို ဘေးမသီရန်မခ ခုတ်မောင်းနိုင်မှာပါ။ နောက်ပြီး သင်္ဘောရဲ့ထုထည်တန်ချိန် များသလောက်၊ သင်္ဘောတွေက ထိန်းသိမ်းရခက်ခဲပါတယ်။ ဒါဟာ လုပ်ငန်းရပ်တည်မှု နှစ်ပေါင်း (၁၇၁)နှစ်ပြည့်သွားတဲ့ Fred. Olsen Cruise Lines ကုမ္ပဏီအတွက်လည်း အလွန်ထူးခြားတဲ့ အမှတ်တရ ဖြစ်ခဲ့ပါတယ်။

လင်းဇော်ကို

SHARE