အမေရိကန် တက္ကဆက်ပြည်နယ်နေ အမျိုးသားတစ်ဦးဟာ ကင်ဆာဝေဒနာသည်သားဖြစ်သူ ပျော်ရွှင်စေဖို့ ဖခင်မေတ္တာနဲ့ဘာမဆိုလုပ်နိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ အဆိုပါအမျိုးသားနာမည်ကတော့ ချက်ခ်ရီးဒင်းဖြစ်ပါတယ်။ သူဟာ သားဖြစ်သူ ဆေးရုံတက်နေတဲ့ ဖော့်သ်ဝါ့သ်က Cook Children’s Medical Center ရှေ့ကို အပတ်တိုင်းသွားပြီး ကပြခဲ့တယ်လို့ people သတင်းစာမျက်နှာအရ သိရပါတယ်။
Posted by ALL In For Aiden on Sunday, September 27, 2020
အဲ့ဒီဆေးရုံမှာ ရီးဒင်းရဲ့၁၄နှစ်အရွယ်သားဖြစ်သူ အိုင်ဒန်ဆေးရုံတက်နေပါတယ်။ အိုင်ဒန်ဟာ အခုနှစ်အစောပိုင်းကစပြီး ဆေးရုံမှာ ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုထုံးလာခံယူနေတာဖြစ်ပါတယ်။ အိုင်ဒန်မှာ အရိုးချဉ်ဆီသွေးကင်ဆာရှိပါတယ်။ ဒါပေမဲ့ ကပ်ရောဂါတွေဖြစ်နေလို့ ဆေးရုံက လူတိုင်းအဝင်မခံဘဲ ကလေးနဲ့ အတူလူတစ်ယောက်သာ လိုက်ပါစောင့်ရှောက်ဖို့ တားမြစ်ထားပါတယ်။

အိုင်ဒန်ရဲ့မိခင်ဖြစ်သူ လိုရီကတော့ အဲ့ဒီဆေးရုံမှာပဲအလုပ်လုပ်နေတာပါ။ အင်္ဂါနေ့တိုင်း အိုင်ဒန်ဟာ ဆေးရုံမှာ မိခင်ဖြစ်သူနဲ့အတူ ဓာတ်ရောင်ခြည်ကုထုံးလာခံယူရပါတယ်။ သားဖြစ်သူနဲ့အတူ ဆေးရုံထဲထိ လိုက်ခွင့်မရတဲ့ ရီးဒင်းကတော့ ကလေးစိတ်အားတက်အောင်ဆိုပြီး အပြင်ကနေပဲ အမျိုးမျိုးကပြနေတာဖြစ်ပါတယ်။
ဆေးရုံကပြောဆိုပုံအရတော့ ရီးဒင်းဟာ အပြင်ဘက် ကားပါကင်ရှေ့သူနဲ့အနီးဆုံးပြတင်းပေါက်နားမှာနေပြီး သားဖြစ်သူ ဆေးရုံခန်းထဲက ထွက်အလာကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းတတ်ကြောင်း ဆိုပါတယ်။ အိုင်ဒန်ကလည်း ဖခင်ကိုအနီးဆုံးတွေ့နိုင်မယ့်ပြတင်းပေါက်ဆီသွားတတ်ပါတယ်။ ပြီးရင်တော့ သားအဖနှစ်ယောက်ဖုန်းပြောကြပါတယ်။ ဖုန်းပြောပြီးရင်တော့ ရီးဒင်းဟာ အပြင်မှာရိုဘော့အက၊ ဒစ်စကို၊ ကောင်းဘွိုင်အစတွေနဲ့ မရိုးရအောင်ကပြီး သားဖြစ်သူကိုဖျော်ဖြေတတ်ပါတယ်။

တစ်ခါတစ်လေလည်း အိုင်ဒန်ကိုယ်တိုင် စိတ်ပါလက်ပါနဲ့ ဖခင်ဖြစ်သူကတဲ့အတိုင်း လိုက်ကတတ်ပါသေးတယ်။ သားအဖနှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့အပြုအမူလေးကိုတော့ လိုရီကိုယ်တိုင်မှတ်တမ်းတင်ထားတဲ့အပြင် သူမက “မိသားစုဆိုတာ အရာရာပါ။ အားလုံးကို အတူတူမျှဝေခံစားရတယ်။ မိသားစုတစ်စုလုံး တစ်စုတစ်စည်းတည်းရှိမနေနိုင်ရင် တတ်နိုင်သမျှ အခုလိုနည်းလမ်းမျိုးရှာဖွေရပါတယ်။” လို့ဆိုပါတယ်။ “အဖေ အပြင်မှာဘာလုပ်မလဲဆိုတာ ကြည့်ရတာပျော်စရာကောင်းတယ်။ တစ်ခါတစ်လေလည်း အဖေ့ကိုကြည့်ရင်း စိတ်အားတက်မိတယ်။” လို့လည်း အိုင်ဒန်ကပြောပြခဲ့ပါသေးတယ်။
လင်းလင်း (ShweMom)