ဗုံးပေါက်ကွဲသံကြားရတိုင်း သမီးငယ်ကိုရယ်တတ်အောင်သင်ပေးထားတဲ့ သူရဲကောင်းဖခင်

Twitter/Abdullah Al-Mohammad

စစ်ပွဲထဲရောက်နေတဲ့ ဆီးရီးယားဒုက္ခသည်တစ်ဦးဟာ စစ်ရဲ့ခါးသီးတဲ့အတွေ့အကြုံကြောင့် သမီးငယ်လေးစိတ်ဒဏ်ရာရသွားမှာကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြောင်း skynews သတင်းစာမျက်နှာအရ သိရပါတယ်။ ကလေးအများစုက ဗုံးပေါက်ကွဲသံကြားတဲ့အခါ ကြောက်စိတ်နဲ့ အော်ဟစ်ငိုယိုကြပါတယ်။ ဒါပေမယ့် အဗ္ဗဒူလာအယ်လ်မိုဟာမက်ရဲ့ (၃) နှစ်အရွယ်သမီးလေး ဆာလ်ဝါကတော့ ဗုံးပေါက်သံကြားတိုင်း ရယ်နေတာကို အခုလိုတွေ့ရပါတယ်။

Twitter/Abdullah Al-Mohammad

အဗ္ဗဒူလာတို့မိသားစုဟာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဆာရာဂစ်ဘ်မြို့ကနေ ထွက်ပြေးလာခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ အီဒ်လစ်ဘ်ပြည်နယ်က သူငယ်ချင်းတစ်ယောက်ရဲ့နေအိမ်မှာ နေထိုင်နေပါတယ်။ ဆာမာဒါလို့ခေါ်တဲ့ လက်ရှိနေထိုင်တဲ့နေရာဟာ ဆာရာဂစ်ဘ်လောက်တော့ မဆိုးပေမယ့် အနီးပတ်ဝန်းကျင်မှာတော့ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံတွေကို ကြားနေရဆဲ ဖြစ်ပါတယ်။

အဗ္ဗဒူလာဟာ စစ်အတွင်းကြားရတဲ့ ဗုံးသံတွေက ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လောက်တောင် ထိခိုက်မှုရှိလဲဆိုတာ နားလည်သူတစ်ဦးပါ။ ဒါကြောင့် သူ့ရဲ့သမီးလေး ဆာလ်ဝါကို စစ်ကြောင့် ဖြစ်ပေါ်တဲ့လာစိတ်ဒဏ်ရာမျိုး မခံစားရလေအောင် တဖက်လှည့်နည်းနဲ့ ကြိုးစားခဲ့ပါတယ်။

READ
ပေါင်ကြားကို အကြိမ်ပေါင်းများစွာ အကန်ခံနိုင်တဲ့ ကွန်ဖူးဆရာ
Twitter/Abdullah Al-Mohammad

သူဟာ ချောက်ချားစရာကောင်းလှတဲ့ ဗုံးပေါက်ကွဲသံတွေကို ဂိမ်းတစ်ခုအနေနဲ့ သတ်မှတ်ပါတယ်။ ဗုံးပေါက်ကွဲသံကြားတိုင်း ကြားတိုင်းမှာ ဒီအသံဟာ မီးရှူးမီးပန်း ဒါမှမဟုတ် အရုပ်သေနတ်ကထွက်တဲ့အသံလို သဘောထားပြီး သမီးငယ်လေးမကြောက်အောင် ပျော်ရွှင်တဲ့ပုံစံမျိုး ရှေ့ကနေလုပ်ပြပါတယ်။ “သမီးလေးက ကလေးဆိုတော့ စစ်ဆိုတဲ့သဘောကို နားမလည်သေးဘူး။ ဒါကြောင့် ကလေးစိတ်ဒဏ်ရာမရအောင် ဒီဂိမ်းကို ထွင်ခဲ့တာပါ။ စစ်ကြောင့်ကြောက်စိတ်ဖြစ်တယ်၊ ကြောက်စိတ်ကြောင့် ဖြစ်ရတဲ့ရောဂါတွေကို သမီးလေးကို မခံစားစေချင်ဘူး..” လို့လည်း ပြောပြပါတယ်။

ဒါကတော့ ဆိုရှယ်မီဒီယာပေါ်ပြန့်နေတဲ့ အဗ္ဗဒူလာနဲ့ သမီးငယ်လေး ဆာလ်ဝါတို့ရဲ့ ဗီဒီယိုဖိုင်လေးပါ။ စစ်ရဲ့ကြောက်မက်ဖွယ်ကောင်းပုံနဲ့ ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်ပုံကို ယှဉ်တွဲတွေ့ရမှာပါ။ ဆာလ်ဝါလေးဟာ ဖခင်ကြောင့် ဗုံးသံဟာ ထိတ်လန့်စရာကြောက်စရာကောင်းတယ် ဆိုတဲ့အသိမရှိတော့ပဲ ပျော်စရာကောင်းတဲ့ အသံတစ်ခုအဖြစ်သတ်မှတ်ပြီး လွတ်လွတ်လပ်လပ်ရယ်မောပျော်ရွှင်နေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE