နွေရာသီအပူချိန်လွန်ကဲမှုကြောင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရတဲ့ ဖိလစ်ပိုင်မြို့တစ်မြို့

အရှေ့တောင်အာရှနိုင်ငံအချို့မှာတော့ နွေရာသီရဲ့ နေ့အပူချိန်မြင့်တက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရလျက်ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ အပူချိန်မြင့်တက်မှုတွေမှာလည်း နေ့အပူချိန်အနေနဲ့ ပျှမ်းမျှအားဖြင့် ၃၄ ဒီဂရီစင်တီဂရိတ်ကနေ ၃၈ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနေပါတယ်။

Pixabay

ဖိလစ်ပိုင်ရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ဒါဂူပန်မြို့မှာတော့ နေ့အပူချိန်ဟာ အန္တရာယ်ရှိတဲ့ အတိုင်းအတာကိုပါ ရောက်ရှိလို့နေပါပြီ။ ၎င်းစိုးရိမ်ဖွယ်နေ့အပူချိန်ကတော့ ဧပြီလ ၉ ရက်နေ့ အင်္ဂါနေ့က တိုင်းတာချက်အရ သိရှိခဲ့ကြရတာပါ။ ဖိလစ်ပိုင်ဒေသ စံတော်ချိန် နေ့လည် ၂ နာရီက တိုင်းတာခဲ့ချက်အရ အပူချိန်ဟာ ၅၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

Pixabay

ဖိလစ်ပိုင်မိုးလေဝသဌာနကတော့ အဆိုပါ စံချိန်တင် နေ့အပူချိန်ဟာ လူတွေရဲ့ ခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့တုန်းက ဒါဂူပန်မြို့မှာ အမြင့်ဆုံးအပူချိန်အဖြစ် ၄၈.၂ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ပြီးနောက် ၉ ရက်နေ့မှာတော့ စံချိန်သစ် တင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Pixabay

ဖိလစ်ပိုင်အာဏာပိုင်များကနေ ဒေသခံများအတွက် ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားကာ ပူပြင်းလွန်းတဲ့ နေ့အပူရှိန်ကြောင့် အပူရှပ်ခြင်းတွေ၊ တက်ခြင်းတွေဖြစ်တတ်ပြီး အသက်အန္တရာယ်စိုးရိမ်နေကြရပါတယ်။ လာမယ့်ရက်ပိုင်းမှာ အပူချိန်က ၅၄ ဒီဂရီထက် ကျော်သွားမယ်ဆိုရင်တော့ အန္တရာယ်အမြင့်ဆုံးအဆင့်ဖြစ်သွားနိုင်တယ်လို့လည်း သိရပါတယ်။

READ
ဒဏ်ငွေ အစားဆောင်ပေးခဲ့တဲ့ ရဲသားကို မျက်ရည်ကျတဲ့အထိ ကျေးဇူးတင်ခဲ့တဲ့ အဖွားအို

Ref: Manila Bulletin, Philstar Global

SHARE