ကိုယ်တိုင်သတိမထားမိပဲ အရေပြားပြဿနာတွေ ဖြစ်လာရခြင်း အကြောင်းရင်းများ

Moose Photos

စာဖတ်သူတွေအနေနဲ့ မိမိအသားအရည်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာနဲ့ ပတ်သက်လို့ ယေဘူယျအသိအမြင်လေးတွေ ရှိနိုင်ပါတယ်။ ဥပမာ မျက်နှာကို နေ့စဉ် ဆေးကြောသန့်စင်ပေးတာ၊ ပူပြင်းတဲ့ နေရောင်ခြည်ထဲသွားရင် နေရောင်ကာခရင်မ်လိမ်းပေးတာ စသဖြင့်ပါ။ စာဖတ်သူက မျက်နှာနဲ့ အရေပြားကို ဘယ်လောက်ပဲ ဂရုစိုက်ပါတယ် ဆိုထားဦး၊ တစ်ခါတစ်လေ သတိမမူမိပဲ ကိုယ်လုပ်လေ့ရှိတဲ့ အပြုအမူတွေဟာ အသားအရည်ကို ထိခိုက်ပျက်စီးစေတတ်ပါသေးတယ်။ အောက်ဘက်မှာတော့ နေ့တစ်ဓူဝ လူတွေ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကနေ ဘယ်အရာတွေကတော့ အသားအရည်ကို ထိခိုက်ယိုယွင်းစေတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပါးမှာ ဖုန်းဖိပြောခြင်း

rawpixel.com

လူတွေဟာ လက်ကိုင်ဖုန်းတွေကို နေရာမရွေး ကိုင်လေ့ရှိပါတယ်။ အိတ်ထဲလည်း ထည့်၊ စားပွဲခုံပေါ်၊ ခုံတွေပေါ်မှာ ဟိုနားတင် ဒီနားတင်နဲ့ လုပ်ကြပါတယ်။ တစ်ခါတစ်လေ အိမ်သာထဲတောင် ယူသွားကြပါသေးတယ်။ ဖုန်းတွေမှာ ဖုန်မှူန့်၊ အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ ကပ်ညှိနေတတ်ပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ဖုန်းတွေကို ပါးပေါ်မှာ ဖိကပ်ပြီး ဖုန်းမပြောသင့်ပါဘူး။ ဒီလိုအမူအကျင့်ဟာ မျက်နှာက ချွေးပေါက်လေးတွေကို ပိတ်စေတဲ့အပြင် ၀က်ခြံတွေ ထွက်လာအောင် တွန်းအားပေးပါတယ်။

ခေါင်းအုံးစွပ်တွေကို မလျှော်ပဲထားခြင်း

လူတွေဟာ ညဘက်မှာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး နာရီပေါင်းများစွာနေရတာကြောင့် မျက်နှာအသားအရည်အတွက် ခေါင်းအုံးတွေဟာ အရေးကြီးပါတယ်။ မျက်နှာနဲ့ အချိန်ကြာကြီး ထိတွေ့ရတဲ့ ခေါင်းအုံးတွေကို လျှော်ဖွပ်ဖို့လိုတဲ့အပြင် မျက်နှာသုတ်ပုဝါ၊ မိတ်ကပ်ဘရက်ရှ်တွေနဲ့ မိတ်ကပ်လိမ်းရေမြှုပ်တွေကိုပါ ပုံမှန်ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။

အဆီပါဝင်တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်း

မျက်နှာသန့်စင်ဆီ oil cleanser တွေနဲ့ ခန္ဓာကိုယ်လိမ်းအဆီတွေဟာ ဈေးကွက်မှာ အားပေးဝယ်ယူသူတွေများတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အလှကုန်ပစ္စည်းတွေက သူများနဲ့အရမ်းတည့်ပေမယ့် ကိုယ်နဲ့ကျတော့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ သိပ်ဆိုးရင် မျက်နှာမှာ ၀က်ခြံဖုအကြီးကြီးတွေထွက်ပြီး အသားအရည် ပျက်စီးပြောင်းလဲသွားတာမျိုးတွေတောင် ရှိပါတယ်။ တချို့တွေက မျက်နှာအရေပြားသန့်စင်စေဖို့ရယ်၊ အရေပြားရဲ့ သဘာဝအဆီကို သမမျှတအောင် ညှိပေးဖို့အတွက် oil cleanser တွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် oil cleanser အများစုက ၀က်ခြံဖြစ်အောင် ပိုလှူံ့ဆော်တာကြောင့် skin oil နဲ့ oil cleanser တွေကို သုံးမယ်ဆိုရင် သေချာရွေးချယ်ပြီးမှ ၀ယ်ယူတာ အကောင်းဆုံးပါ။

ဒန်းဆေးတက်တူးထိုးခြင်း

Mehendi Training Center

အမျိုးသမီးတွေဟာ ပန်းကနုတ်တွေကို ဒန်းဆေးနဲ့ ပုံဖော်ပြီး အလှအပအဖြစ် ခြယ်မှူန်းကြပါတယ်။ ဒါပေမယ့် အနက်ရောင်ဒန်းဆေးတစ်မျိုးကတော့ အခန့်မသင့်ရင် အလာဂျီဓာတ်မတည့်မှူဖြစ်စေတယ်လို့ သိရပါတယ်။ ၄င်းဟာ Para-phenylenediamine သို့မဟုတ် PPD အမည်ရတဲ့ ဓာတုကွန်ပေါင်းတစ်မျိုးဖြစ်ပြီး ၄င်းကြောင့် အနာရွတ်တွေကျန်တာ၊ အနာဟောင်းလောင်းပေါက်တွေဖြစ်တာ၊ အရည်ကြည်ဖုတည်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် PPD မပါဝင်တဲ့ ဒန်းဆေးမှင်တွေကတော့ ခြောက်သွားတဲ့အခါ အညိုရောင် သို့မဟုတ် လိမ္မော်ရည်ကို ပြောင်းသွားတတ်ပြီး အရေပြားပေါ်မှာ အချိန်တစ်နာရီကျော်လောက် တာရှည်ခံပါတယ်။

မျက်နှာကို ကြိမ်ဖန်များစွာ ကိုင်တွယ်ထိတွေ့ခြင်း

တကယ်လို့ စာဖတ်သူဟာ မျက်နှာကို မကြာခဏ ထိတွေ့တတ် ပွတ်သပ်တတ်သူဆိုရင်တော့ ဒီအကျင့်ကို နည်းနည်းလေး ဂရုပြုသင့်ပါတယ်။ မျက်နှာကို ခဏခဏ ထိတွေ့တာ၊ မေးစေ့အောက် လက်ထောက်ပြီး နေတာတွေဟာ မျက်နှာအသားအရည်အတွက် မသင့်လျှော်ပါဘူး။ လက်မှာက အဆီတွေ၊ ဘက်တီးရီးယားတွေအပြင် တခြားဖုန်မှူန့်နဲ့ အညစ်အကြေးတွေလည်း ရှိနိုင်တာကြောင့် ၀က်ခြံပေါက်နိုင်ခြေကို ပိုမြင့်တက်စေပါတယ်။ ဒါ့အပြင် မျက်လုံးကို ခဏခဏ လက်နဲ့ ပွတ်သပ်တာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေပြားအောက်မှာရှိတဲ့ နူးညံ့တဲ့ ဆံခြည်မျှင်သွေးကြောလေးတွေက လက်နဲ့ ခဏခဏ ပွတ်သပ်တဲ့အခါ ကျိုးပျက်သွားပြီး အရွယ်မတိုင်ခင် စောစောစီးစီး ပါးရည်တွန့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အထက်ပါ အမူအကျင့်တွေကို ရှောင်ရှားပြီး ကျန်းမာနုပျိုတဲ့ အသားအရည်တွေကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE