အယ်လ်ကိုဟောသောက်သုံးရာမှာ အန္တရာယ်အရှိဆုံးအသက်အပိုင်းအခြားများ

pexels/elevate

လူတွေဟာ အယ်လ်ကိုဟောနဲ့ပတ်သက်ပြီး အမှားတွေလုပ်ဖူးကြပါတယ်။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့အချိန်တွေမှာပါ။ တချို့ကလည်း ငယ်တုန်းသောက်တာ ဘာမှမဖြစ်ဘူး အသက်ကြီးလာရင်တော့ သူ့ဟာသူအဆင်ပြေသွားလိမ့်မယ်ဆိုပြီး တွေးကြပါတယ်။ ဒါပေမဲ့ ဆေးသိပ္ပံဂျာနယ် BMJ ကထုတ်ဝေတဲ့ လေ့လာချက်တစ်ခုမှာတော့ အသက်၆၅နှစ်နဲ့အထက်မှာ အရက်အလွန်အကျွံသောက်သုံးရင် ဦးနှောက်ကိုဆိုးဝါးစွာပျက်စီးစေတယ်လို့ ဖော်ပြထားပါတယ်။

ပိုဆိုးတာက အခုလိုကပ်ရောဂါအချိန်မှာ အသက်ကြီးပိုင်းအမျိုးသားတွေဟာ အယ်လ်ကိုဟောရဲ့ ဆိုးဝါးတဲ့သက်ရောက်မှုတွေကို ပိုခံစားရနိုင်တယ်ဆိုပြီးတော့ပါ။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ Tony Rao ကတော့ Independent ကို အခုလို ပြောပါတယ်။ “ကိုဗစ်ကပ်ရောဂါရဲ့အကျိုးဆက်ကိုပါထည့်တွက်ရင် အသက် ၆၅နှစ်ကနေ ၇၄ နှစ်ကြား အသက်အပိုင်းအခြားမှာ အယ်လ်ကိုဟောအပေါ် မှီခိုနှုန်းအရမ်းများနေတာ တွေ့ရတယ်။”

pexels/rebcenter moscow

“ပြောရမယ်ဆိုရင် ဒီနှစ်ထဲ အရွယ်ရောက်ပြီးလူကြီးတွေဟာ အယ်လ်ကိုဟောတွေ အလွန်အကျွံပိုသောက်လာတာ တွေ့ရတယ်။ ဒါဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။ ပိုဆိုးတာက အယ်လ်ကိုဟောက အခုဆို ဆေးလိပ်သောက်တာ၊ သွေးတိုးတာတွေနဲ့တွဲပြီး သူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါအတွက် အကြောင်းတရားဖြစ်လာတယ်။”

READ
ရေများများသောက်ပေးဖို့ လိုအပ်နေကြောင်း သိသာစေတဲ့ လက္ခဏာရပ်များ

လေ့လာချက်အရ အသက်ကြီးလာတဲ့အခါ ဦးနှောက်တွင်းမှာ ဆက်တိုက်ပြောင်းလဲမှုတွေဖြစ်လာပြီး ဒီလိုအချိန်မှာ အယ်လ်ကိုဟောဝင်လာတဲ့အတွက် ဦးနှောက်ကို အများကြီးပျက်စီးသွားစေတာပါ။ အသက်ကြီးလာလေလေ ဦးနှောက်ဟာ ပိုပိုကျုံ့လာပြီး အာရုံကြောနျူရွန်တွေဟာ ပိုသေးလာပါတယ်။ ဦးနှောက်ရဲ့တချို့အစိတ်အပိုင်းတွေကတော့ ပြိုကွဲသွားပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန် အယ်လ်ကိုဟောသောက်တဲ့အခါ ပမာဏနည်းနည်းလေးပဲဆိုရင်တောင် ဦးနှောက်ရဲ့ထုထည်မှာ ပျက်စီးဆုံးရှုံးမှု အများကြီးဖြစ်သွားတာပါ။

pexels/Anna Shvets

နောက်ထပ် ဦးနှောက်တွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်တဲ့အချိန်ကတော့ ဆယ်ကျော်သက်နှောင်းပိုင်းအရွယ် အသက် ၁၅ နှစ်ကနေ ၁၉နှစ်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အယ်လ်ကိုဟောသုံးစွဲရင် အသည်းကိုထိခိုက်ပျက်စီးစေမှာဖြစ်ပြီး ရှေ့လျှောက်မှာ ဆင်ခြင်တုံတရားအားနည်းတဲ့ ဆုံးဖြတ်ချက်တွေချမိပါလိမ့်မယ်။ မြီးကောင်ပေါက်အရွယ်မှာ အယ်လ်ကိုဟောသုံးစွဲခြင်းဟာ ဦးနှောက်ရဲ့ သိပ်သည်းဆ ထုထည်ကို လျော့ကျစေပါတယ်။ ဦးနှောက်စွမ်းဆောင်ချက်တွေအတွက် အရေးကြီးတဲ့ ဦးနှောက်တွင်းက အဖြူရောင်အရာတွေဖွံ့ဖြိုးမှုနှေးကွေးလာပြီး ရေရှည်မှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာနိုင်တဲ့အကြောင်း eatthis သတင်းစာမျက်နှာကနေ ဖော်ပြပေးလိုက်ပါတယ်။

READ
သွားများကို ဖြူဖွေးတောက်ပစေမည့် အိမ်တွင်း သွားဖြူဆေးဖော်စပ်နည်း

ShweMom

SHARE