မီးလောင်ချိန်မှာ လူတွေပြုလုပ်လေ့ရှိတဲ့ အန္တရာယ်အများဆုံး အပြုအမူများ

Pexels/Pixabay

မီးလောင်မှုဆိုတာ အချိန်နေရာမရွေး ဖြစ်ပွားနိုင်ပါတယ်။ လောင်နေတဲ့အချိန်မှာ ကိုယ်ရော၊ သူများတွေပါ အသက်ချမ်းသာရာရအောင် ဘယ်လိုမျိုးအပြုအမူတွေကိုတော့ ပြုလုပ်သင့်တယ်ဆိုတာ insider ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

မီးလောင်နေတဲ့အခါ ရှိသမျှတံခါးတွေအားလုံးကို လိုက်မဖွင့်သင့်ပါဘူး။ ကိုယ်ဟာ အိမ်ထဲက အမြန်ဆုံးလွတ်မြောက်ချင်တာ မှန်ပေမယ့် တံခါးတွေလိုက်မဖွင့်ခင် အခြားရွေးချယ်စရာလွတ်လမ်းများရှိသေးလားဆိုတာ အရင်စဉ်းစားပါ။ တကယ်လို့ ကိုယ်ဖွင့်လိုက်တဲ့ တံခါးတစ်ဘက်ခြမ်းမှာသာ မီးလောင်နေခဲ့ရင် တံခါးဖွင့်လိုက်တဲ့အတွက် အောက်ဆီဂျင်က အရှိန်နဲ့ဝင်လာပြီး မီးလောင်မှုကို ပိုဆိုးသွားစေပါတယ်။

Pexels/Pixabay

အကယ်၍ တံခါးဖွင့်ထွက်ပြီးမှ မီးဘေးကနေ လွတ်မြောက်နိုင်မယ်ဆိုရင်လည်း ဖွင့်ထားခဲ့တဲ့ တံခါးကို ပြန်ပိတ်ဖို့ မမေ့သင့်ပါဘူး။ ဒါမှသာ အခြားအခန်းတွေဘက်ကို မီးကူးတာနှေးသွားစေမယ့်အပြင် မီးသတ်သမားတွေအဖို့လည်း မီးငြိမ်းသတ်ရ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မီးလောင်တဲ့အခါ တံခါးတွေကို လိုက်ပိတ်ထားတာ အကောင်းဆုံးပါ။

အိမ်တစ်အိမ်ဟာ မီးလောင်နေတဲ့အတွက် အိမ်ထဲကလူတွေ အသက်ရှူလို့ရအောင်ဆိုပြီး အပြင်ကနေ ပြတင်းပေါက်တံခါး ရိုက်ခွဲတာမျိုးဟာ အကြံကောင်း မဟုတ်ပါဘူး။ အခုလို ပြုလုပ်တာဟာ မီးထုထည်ကို ပိုလို့တောင် တိုးလာစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အရေးပေါ်မီးသတ်ကို အမြန်ဆုံးခေါ်ပြီးသာ အိမ်တွင်းပိတ်မိနေသူတွေကို ကယ်ထုတ်စေသင့်ပါတယ်။

READ
သင့်ရဲ့ လုပ်ငန်းကို ဘယ်လို ကြော်ငြာမလဲ

များသောအားဖြင့် အိမ်တွင်းမီးလောင်မှုတွေဟာ မီးဖိုချောင်ကနေ စပါတယ်။ မီးတောက်နိုင်တဲ့ဆီရယ်၊ အပူရယ်၊ မီးတောက်မီးလျှံရယ် တွေ့ပြီး မီးလောင်မှုဖြစ်ပွားနိုင်ပါတယ်။ လူတွေဟာ ဟင်းချက်နေရင်းနဲ့ ဒယ်အိုးမီးလောင်ပြီဆိုရင် မီးသတ်ဖို့ ဆိုပြီးအပြင်ထွက်ပြေးဖို့ ကြိုးစားကြပါတယ်။

ဒယ်အိုးကို မီးဖိုပေါ်က နေရာရွှေ့တာ၊ ရေနဲ့ ဖြန်းတာတွေဟာ အန္တရာယ်များတဲ့အပြင် အခန့်မသင့်ရင် ခန္ဓာကိုယ်ပေါ်ကို ဆီဖိတ်စဉ်ကာ ဒဏ်ရာအနာတရဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိုးမီးလောင်ခဲ့ရင် အဖုံးတစ်ခုခု သို့မဟုတ် သတ္တုဗန်းတစ်ဗန်းယူပြီး အပေါ်မှာ တင်ထားပါ။ မီးအပူဖွင့်ထားတာကို ချက်ခြင်းပိတ်ပေးပါ။ ဆီကြောင့်ဖြစ်တဲ့ မီးသေးသေးလေးတွေကိုတော့ မုန့်ဖုတ်ဆော်ဒါခပ်များများ ပက်ပြီး ငြှိမ်းသတ်နိုင်ပါတယ်။

Pexels/Pixabay

ဝတ်ထားတဲ့ အင်္ကျီကို မီးစွဲခဲ့ရင်တော့ လျှောက်ပြေးတာ၊ တစ်ခုခုနဲ့ ရိုက်ပုတ်ပြီး ငြှိမ်းသတ်တာမျိုးကို လုပ်မယ့်အစား ကြမ်းပြင်မှာ မီးငြိမ်းသွားတဲ့အထိ ကိုယ်ကို လှိမ့်ပေးနေတာ ပိုကောင်းပါတယ်။ နောက်ပြီးတော့ မီးလောင်နေစဉ်မှာ ဓာတ်လှေကားကိုလည်း အသုံးမပြုသင့်ပါဘူး။ ဓာတ်လှေကားတွေက မီးကြောင့် သုံးမရတာ၊ လုပ်ဆောင်ချက် ချို့ယွင်းတာမျိုး ရှိနိုင်လို့ ဖြစ်ပါတယ်။

READ
နယူးယောက်မှာ အောက်ခံဘောင်းဘီနဲ့ မြေအောက်ရထားစီးကြတဲ့နေ့

နောက်ဆုံးတစ်ချက်အနေနဲ့ ပြောလိုတာကတော့ မီးလောင်နေတဲ့ အိမ်ထဲကို တစ်စုံတစ်ဦးကို ကယ်တင်ဖို့ဆိုပြီး ပြန်ပြေးဝင်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ့်အချစ်ဆုံးအိမ်သားတစ်ယောက်ယောက်ပဲ ဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် ကျန်နေခဲ့လို့ အိမ်ထဲပြန်ဝင်တာမျိုးဟာ အကြောင်းမတိုက်ဆိုင်ရင် ကိုယ့်အသက်ပါပေးရဖို့ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ သတိလက်လွတ်နဲ့ အိမ်ထဲဝင်ပြေးရှာတာမျိုးမလုပ်ပဲ ကျွမ်းကျင် မီးသတ်သမားတွေရဲ့ အကူအညီတွေကိုသာ ယူသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE