အခန်းနံရံပေါ်စီးကျလာတဲ့ ပဟေဠိဆန်ဆန် အနက်ရောင်အရည်တွေရဲ့ သရုပ်မှန်

twitter/daddyallenjoel

အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီပေါလစ်စ်မြို့တိုက်ခန်းမှာ နေထိုင်သူတွေဟာ အိမ်နံရံတစ်လျှောက် စီးကျလာတဲ့အနက်ရောင်အရည်တွေကြောင့် ထိတ်လန့်ခဲ့ကြကြောင်း unilad သတင်းအရ သိရပါတယ်။ ၄င်းတိုက်ခန်းမှာနေထိုင်သူ အသက် (၂၄) နှစ်အရွယ် အယ်လန်ဂျိုဝယ်မက်ခရာဒီက သူ့အိမ်ခန်းနံရံမှာ ပေါ်လာတဲ့ အနက်ရောင်စီးကြောင်းကြီးတွေကို ဓာတ်ပုံရိုက်ပြီး တွစ်တာပေါ်တင်ခဲ့တာပါ။

အယ်လန်နဲ့ သူ့အခန်းဖော်တို့ဟာ ဘာအရည်တွေမှန်းမသိလို့ ချက်ခြင်းပဲ အိမ်နဲ့ပတ်သက်ပြီး အထွေထွေဝန်ဆောင်မှုပေးတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ ၄င်းအဖွဲ့ဟာ ကတ္တရာစေးနဲ့ဆင်တူတဲ့ အရည်တွေကို စူးစမ်းကြည့်ပါတယ်။ ဒါပေမယ့် သူတို့လည်း ဒီအရည်တွေဟာ ဘာအရည်တွေမှန်း မပြောတတ်ပါဘူး။ ဒါနဲ့ အရည်တွေလာတဲ့ လားရာကို ကြည့်တော့ အပေါ်ထပ်က ဖြစ်နေတာကြောင့် အပေါ်ထပ်မှာလည်း ဒီလိုအရည်တွေပဲ စီးကျလားဆိုတာ မေးကြည့်ဖို့ အပေါ်ကို တက်သွားခဲ့ပါတယ်။

READ
ဂဏန်းအရှာထွက်ရာမှ ရွှံ့ထဲနစ်ခဲ့တဲ့သားအမိ

ဒါပေမယ့် အပေါ်ထပ်ရောက်တော့ သူတို့အတွက် မထင်မှတ်ထားတဲ့အဖြစ်ကို ကြုံခဲ့ရပါတယ်။ အဲ့ဒါကတော့ အယ်လန်တို့ရဲ့ အပေါ်ထပ်က အိမ်နီးချင်းဟာ အိပ်နေရင်းသေနေတာပါ။ ဒီတော့မှ သူတို့အခန်းထဲက နံရံပေါ်စီးကျလာတဲ့ အရည်တွေဟာ လူသေရဲ့ခန္ဓာကိုယ်က အရည်တွေဖြစ်နေမှန်း သိလိုက်ရတာ ဖြစ်ပါတယ်။

အယ်လန်က “ကျွန်တော့် အခန်းက သိပ်မကြာခင်တုန်းက ဘာနံ့ကြီးမှန်းမသိဘူး။ အော်ဂလီဆန်ဖို့ကောင်းတဲ့ အနံ့ကြီးရနေခဲ့တာ။ အခုမှ အပေါ်မှာ လူတစ်ယောက်သေတယ်ဆိုတာ သိရတယ်။ သေတာက တစ်ပတ်ကျော်နေပြီ။ သူ့ခန္ဓာကိုယ်ထဲက ထွက်တဲ့သွေးတွေဟာ သူ့အခန်းကနေ အောက်ထပ်က ကျွန်တော်တို့အခန်းဆီကို ယိုစီးလာတာ…” လို့ ပြောပြပါတယ်။

အောက်မှာတော့ အယ်လန်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ အယ်လန်က “ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ကိုယ့်အိမ်က အိမ်ခန်းထဲမှာ ဘာမှန်းမသိတဲ့ အရည်တွေ စီးကျလာမယ်။ ပြီးတော့ လူသေရဲ့ အရည်တွေ။ ဘယ်လောက်တောင် လန့်ဖို့ကောင်းလဲ။ မသိရင် အပေါ်ထပ်က လူသေက အပေါ်ထပ် နံရံကနေဆင်းပြီး ကျွန်တော့်တို့အိမ်ထဲ ရောက်လာသလိုပဲ…” လို့လည်း ပြောပြပါတယ်။ လက်ရှိမှာတော့ ရဲအရာရှိတွေ စစ်ဆေးချက်အရ လူသေမှုမှာ မသင်္ကာဖွယ်ရာတစ်စုံတစ်ခု မတွေ့ရပဲ သဘာဝအတိုင်း သေဆုံးသွားတယ်လို့ ယူဆထားပါတယ်။ သေဆုံးသူအမျိုးသားရဲ့ အမည်နဲ့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ မထုတ်ပြန်ထားပါဘူး။

READ
နာမည်ကြီးဖုန်းကုမ္ပဏီထံမှ ဖုန်း ၂၁ လုံးစပွန်ဆာရခဲ့တဲ့ ပိုကီမွန်ဂိမ်းဂုရုဖိုးဖိုး

လင်းလင်း (ShweMom)

SHARE