ဇွန်လ ၂၅ ရက်နေ့မှာ ဂုဏ်ပြုဖို့ ကျရောက်လာတဲ့ ကမ္ဘာ့သင်္ဘောသားများနေ့

BeataGFX/shutterstock

Day of the Seafarer သို့မဟုတ် ကမ္ဘာ့သင်္ဘောသားများနေ့ဟာ ဇွန်လ ၂၅ ရက်နေ့မျာ ကျရောက်ပြီး ၂၀၁၀ ခုနှစ်ကတည်းက အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်း (IMO) မှ နှစ်စဉ်ပြုလုပ်လျက်ရှိတဲ့ နိုင်ငံတကာ event တစ်ခုပါ။ မနှစ်တုန်းက ကမ္ဘာ့သင်္ဘောသားများနေ့မှာတော့ ဘာကြောင့်ကမ္ဘာကြီးမှာ သင်္ဘောသားကောင်းတွေ လိုအပ်နေတာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောပွဲတွေ၊ အသိပညာပေးပွဲတွေဖြစ်လုပ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် Day of the Seafarer ကိုတော့ “Seafarers Matter” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေကြောင်းကုန်သွယ်မှုတွေ၊ ဒီလိုကုန်သွယ်မှုတွေကြောင့် တိုးတက်လာတဲ့ အလူအဖွဲ့အစည်းတွေနဲ့ ရေကြောင်းလမ်းစီးပွားရေးအကြောင်းတွေကို အများသိသာဖော်ပြပေးသွားမှာပါတဲ့။ Seafarers Matter ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Maritime Olympiad ဆိုတဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ခေါင်းစဉ်ခွဲလေးတွေအတိုင်း သင်္ဘောသားတွေကို ဂုဏ်ပြုရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

nektofadeev/shutterstock

အထူးသဖြင့် ကုန်သွယ်ရေးသင်္ဘောတွေပေါ် လိုက်တတ်ကြတဲ့ သင်္ဘောသားမျာားဟာ မာယာများတဲ့ ကမ်းမမြင်လမ်းမမြင်ပင်လယ်သမုဒ္ဒရာပြင်ကြီးထဲ မုန်တိုင်းတွေနဲ့ လှိုင်းလုံးကြီးတွေကြားထဲ ကုန်စည်တွေကို အပျက်အဆီးမရှိစေဘဲ အချိန်မီရောက်အောင် ပို့ဆောင်ပေးကြရသူတွေပါ။ သူတို့တတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို အန္တရာယ်တွေကြားထဲ အသက်ကိုဖက်နဲ့ထုတ်ကာ အားသွန်ခွန်စိုက် ပြန်လည်အသုံးချတတ်သူတွေလည်း ဖြစ်ပါတယ်။

READ
သားသမီးကို ဆိုးဆိုးရွားရွားပြုမူခဲ့တဲ့မိဘများ

လတွေနှစ်တွေချီအောင် မိသားစုနဲ့ခွဲခွာပြီး တစ်နယ်တစ်ကျေးရယ်လို့ သတ်သတ်မှတ်မှတ်မရှိတဲ့ ရေပြင်ထဲမှာပဲ နေ့စဉ်ဖြတ်သန်းနေရတာကြောင့် သင်္ဘောသားအချင်းချင်း ညီအစ်ကိုလို၊ ဖခင်နဲ့သားလို သံယောဇဉ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်ကြပါသေးတယ်။ သင်္ဘောသားတွေရဲ့ ဘဝကိုနားလည်တာ သင်္ဘောသားအချင်းချင်းပဲ ရှိတယ်လို့တောင် တင်စားတတ်ကြသေးတယ်မလား။ နေ့စဉ်ကြုံလာတဲ့ အခက်အခဲတွေကို အတူတူရင်ဆိုင်ဖြေရှင်းပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ရင်းနဲ့ စာချုပ်သက်တမ်းပြည့်လို့ မိသားစုဆီပြန်ရမယ့် နေ့ရက်တွေကို အတူလက်ချိုးရေရင်းနဲ့ပေါ့။

andrey polivanov/shutterstock

သင်္ဘောသားတွေအတွက် အန္တရာယ်ဟာ အစိုးမရတဲ့ မုန်တိုင်းတို့၊ ရေလှိုင်းနဲ့ လေနီကြမ်းစတဲ့ သဘာဝဘေးတွေတင်မကဘဲ တစ်ခါတစ်လေ ကံဆိုးစွာနဲ့ ကြုံရတတ်တဲ့ ပင်လယ်ဓားပြတွေနဲ့ သင်္ဘောပေါ်က မတော်တဆမီးလောင်တာတွေဟာလည်း အသက်ဘေးကြုံလာနိုင်တဲ့ အန္တရယ်တွေပါပဲ။ တစ်ခါတစ်လေကျရင် ကုန်စည်တွေ တင်ပို့ဖို့ကိုတောင် မငြိမ်းချမ်းတဲ့နယ်မြေတွေဆီကို ညွှန်ကြားချက်အတိုင်း သွားပေးရတာတွေရှိသလိုပဲ သင်္ဘောကြီးကိုပြန်ပေးဆွဲသွားခဲ့ရင်လည်း အရင်ဆုံးရင်ဆိုင်ကြရတာ သင်္ဘောသားတွေပါ။

ဒီလိုမျိုးပြင်ပဘေးအန္တရာယ်တွေအပြင် လုပ်ငန်းခွင်အန္တရာယ်တွေဆိုတာလည်း ရှိနေပါသေးတယ်။ စက်ပစ္စည်းတွေကြောင့်၊ ကိရိယာတွေကြောင့် ဒါမှမဟုတ် ပစ္စည်းပြုတ်ကျတာတွေ၊ အပူလောင်တာမျိုးတွေဖြစ်ခဲ့ရလို့ ဒုက္ခိတဘဝရောက်သွားရရှာတဲ့ အဖြစ်အပျက်တွေ၊ အသက်စွန့်သွားခဲ့ရတဲ့ အဖြစ်အပျက်မျိုးတွေလည်း ထုနဲ့ထေးပါပဲ။ ရေပြင်မှာ၂၄ နာရီ ၇ ရက်လုံးနေရတယ်ဆိုတာ ကျွန်တော်တို့တွေ ကုန်းပေါ်မှာ လမ်းလျှောက်တာ၊ အိပ်တာတွေနဲ့ လုံးဝမတူပါဘူး။ အထူးသဖြင့် ဘယ်တော့မှ ငြိမ်နေလေ့မရှိတဲ့ ရေပြင်ကြီးဟာ အမြဲတမ်းလိုလို လှုပ်လီလှုပ်လဲ့ဖြစ်နေတတ်တာကြောင့်လည်း စိတ်အနှောက်အယှက်ဖြစ်ရပါသေးတယ်။ ဒီအပြင် ပုံမှန်လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေရသလိုမျိုး မဟုတ်တဲ့အတွက်ကြောင့်လည်း စိတ်ဓာတ်ကျတာတွေ၊ ညဖက်အိပ်မပျော်တာတွေ စတဲ့ စိတ်ရောဂါတွေလည်း စွဲကပ်သွားနိုင်ကြပါတယ်။

READ
တကယ့်လူတွေအပေါ် အခြေခံဖန်တီးထားတဲ့ နာမည်ကျော် ကာတွန်းဇာတ်ကောင်များ
joachim affeldt/shutterstock

ဒီလိုမျိုး စက္ကန့်မလပ် ရတဲ့လစာနဲ့ယှဉ်ရင် ရင်ဆိုင်နေရတဲ့ အသက်ဘေးတွေဟာ ပိုကြီးနေတတ်ကြတဲ့ မိမိပတ်ဝန်းကျင်က သင်္ဘောသားတွေကို Day of the Seafarer မှာ ဂုဏ်ပြုရင်း နောင်အခါတွေမှာ ပိုပြီး ဂရုတစိုက်ဆက်ဆံကြပါစို့လား။

Penny

SHARE