သေနေတဲ့နှလုံးကို အသက်ပြန်ဝင်လာအောင် ဆေးပညာနဲ့ လုပ်နိုင်ခဲ့ပြီ

Twitter / Nieczuja_clan

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနား၊ Durham မှာတည်ရှိတဲ့ Duke University မှာ ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်တွေသာ သေနေတဲ့နှလုံးကို အသက်ပြန်ဝင်အောင်၊ (သို့မဟုတ်) ပုံမှန်အလုပ်တွေ ပြန်လုပ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ ပထမဆုံးဖြစ်ပြီး၊ အဲဒီနှလုံးကိုလည်း လိုအပ်လူနာဆီမှာ အောင်မြင်စွာ လဲလှယ်နိုင်ခဲ့တာပါ။

အဆိုပါနှလုံးဟာ သေဆုံးသူအလှူရှင်တစ်ဦးဆီကနေ ထုတ်ယူခဲ့တာဖြစ်ပြီး၊ သွေးလည်ပတ်မှုတွေ ရပ်ဆိုင်းသွားခဲ့တာ ကြာပြီမို့ နှလုံးကလည်း သူရဲ့လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ပဲ သေသွားခဲ့ပါတယ်။ ဆိုရရင် ယခင့်ယခင် အခြေအများအတိုင်းဆို နှလုံးလက်ခံမယ့် လူနာအတွက် အစားထိုးစရာ နှလုံးမရှိတော့တဲ့ သဘောပါ။

ဒါပေမယ့် ဒေါက်တာတွေက နည်းစနစ်တစ်ခုကို စမ်းသပ်သုံးစွဲခဲ့ပြီး၊ နှလုံးတွင်း သွေးလည်ပတ်စီးဆင်းမှုကို ပြန်လည်သက်ဝင်စေနိုင်ခဲ့ပါတယ်။ အဲဒီစနစ်ကြောင့် နှလုံးဟာ ပြန်လည်သက်ဝင်လာပြီး အကောင်းပကတိလို့ ပြန်ခုန်လာခဲ့တာပါ။

ဒီဗွီဒီယိုဖိုင်ကို Heart Transplantation Programme ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Jacob Niall Schroder က တွစ်တာမှာ ပြန်လည်မျှဝေခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ နှလုံးဟာ လူ့ခန္ဓာကိုယ်ပြင်ပမှာ ခုန်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာပါ။

ဒေါက်တာ Jacob က ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး “ဒါဟာ အမေရိကန်မှာ DCD heart လုပ်တာ ပထမဆုံးအကြိမ်ပါဘဲ … ဒါဟာ အလှူရှင်တွေဘက် လိုလားမှုတွေ တဖြည်းဖြည်း ကျယ်ပြန့်လာခြင်းကြောင့်ပါ … ”လို့ ရေးခဲ့ပါတယ်။ နှလုံးအလူရှင်နဲ့ နှလုံးလက်ခံသူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ သတင်းမှာ ရေးမထားပါဘူး။

DCD ဆိုတာက Donation after Circulatory Death ကို ရည်ညွှန်းတာဖြစ်ပါတယ်။ DCD နည်းဟာ အမေရိကန်မှာ ပထမဆုံးဆိုသော်လည်း UK မှာတော့ ဒီနည်းဟာ (၂၀၀၉)ခုနှစ်ကတည်းက တွင်ကျယ်နေခဲ့တာလို့ သိရပါတယ်။ အခုလို အောင်မြင်မှုကြောင့် DCD အလှူရှင်တွေ ပိုပြီးများလာလိမ့်မယ်လို့လည်း ယုံကြည်ရပါတယ်။

သိရသလောက်တော့ DCD အလှူရှင်တွေဟာ ယခင်ကထက် (၃၉)% အထိ မြင့်တက်လာပြီလို့ သိရပါတယ်။ သေလွန်သွားလို့ တစ်ချို့ခန္ဓာကိုယ်အစိတ်အပိုင်း အကောင်းတွေကို မြေမြှုပ်အဆုံးရှုံးခံလိုက်ရမယ့်အစား၊ ဒီနည်းနဲ့ အခြားလူတစ်ဦးကို အသက်ဆက်ရှင်စေတာက ပိုပြီးသင့်လျှော်ကြောင်း တော်တော်များများက ခံယူလာကြပါပြီ။

ပထမဆုံး နှလုံးအစားထိုးခွဲစိတ်မှုကို တောင်အာဖရိကမှာ (၁၉၆၇)က စတင်အောင်မြင်ခဲ့တာပါ။ (၁၉၆၈)မှာတော့ အမေရိကန် Stanford University မှာ ဒေါက်တာတွေဟာ အလားတူအောင်မြင်မှုမျိုး ရရှိခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်အတွင်း အမေရိကန်မှာ နှလုံးအစားထိုးခွဲစိတ်မှု (၃၄၀၀)အထိ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

အလုံးဆိုဆိုရင်တော့ အဲဒီနှစ်မှာ ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်မှု (၃၆၅၀၀)အထိ ရှိခဲ့ပြီး၊ စံချိန်တင် အရေအတွက် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ တစ်နှစ်ထက်တစ်နှစ် အလှူရှင်တွေ များလာရခြင်းရဲ့ ပြယုဂ်လည်းဖြစ်ပေမယ့် လုံလောက်မှုတွေ မရှိသေးပါဘူး။ (၂၀၁၇)က ထုတ်ပြန်တဲ့ စာရင်းတွေအရ ကိုယ်တွင်းအင်္ဂါရပ်အစားထိုးဖို့ စောင့်ဆိုင်းရင်း သေဆုံးနေသူ ဦးရေဟာ တစ်ရက်ကို (၂၀)ဦးအထိ ရှိတယ်လို့ သိရပါတယ်။

လင်းဇော်ကို

SHARE