ထိမိသူကို ဦးနှောက်သေးကျုံ့ပြီး သေဆုံးစေနိုင်တဲ့ အဆိပ်ပြင်း မီးတောက်မှိုအကြောင်း

Twitter/Alsarawat

သြစတြေးလျနိုင်ငံ၊ စွတ်စိုထိုင်းမှိုင်းတဲ့ သဘာဝပတ်ဝန်းကျင်မျိုးမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်တဲ့ မှိုတစ်မျိုးကတော့ အဆိပ်ပြင်းထန်လို့ ထိခြင်း၊ ကိုင်ခြင်းကနေ ရှောင်ရှားကြဖို့ ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒီမှိုကို Fire coral fungus လို့ ခေါ်ပါတယ်။ အလွယ်ခေါ်ရရင် မီးတောက်သန္တာမှိုလို့ ပြောလို့ရပါတယ်။ မီးတောက်တွေနဲ့ တူလို့ပါ။

အနီရောင်တောက်တောက်၊ အနီရောင်ဖျော့ဖျော၊ မုန်လာဥနီအရောင် စသဖြင့် ပေါက်ရောက်တဲ့ ဒေသပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒီမှိုရဲ့အဆိပ်က ထိမိကိုင်မိတဲ့လက်ကနေ အဲဒီလူရဲ့ ခန္ဓာကိုယ်အတွင်းကို စိမ့်ဝင်သွားပြီး၊ ဦးနှောက်ကို တဖြည်းဖြည်း သေးကျုံ့လာကာ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီမှိုတွေဟာ Queensland က မုတ်သုန်တောတွေထဲက သစ်မြစ်တွေမှာ ကောင်းစွာ ရှင်သန်နိုင်ပါတယ်။

 

တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာတော့ ဒီမှိုကို ဆေးသုံးကျတဲ့မှိုတစ်မျိုးနဲ့ မှားယွင်းပြီး၊ လက်ဖက်ရည်ကြမ်းထဲမှာ ထည့်သွင်းသောက်သုံးမှုတွေ ပြုလုပ်ခဲ့လို့၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုမှိုမျိုးကို ဒေသခံတိုင်းရင်းဆေးတွေထဲ ထည့်သွင်းအသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

အခု မီးတောက်မှိုရဲ့အဆိပ် သင့်ရောက်သူအဖို့ ကုသလို့ရမယ့်နည်းလမ်း မရှိပါဘူး။ ဦးနှောက်ကျုံ့ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကမောက်ကမဖြစ်ပြီး၊ အလွန်တိုတောင်းလှတဲ့ အချိန်အတွင်းမှာတောင် သေဆုံးနိုင်ခြေ ရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဂျပန်နဲ့ ကိုရီးယားတို့မှာတော့ တောင်ကုန်းထူထပ်တဲ့နေရာတွေမှာ အများအပြား တွေ့ရနိုင်ပါတယ်။

ဒီမှိုမျိုးစိတ်ကို သက်ဆိုင်ရာက Deadliest species အဖြစ် စာရင်းသွင်းထားပြီလို့လည်း သိရပါတယ်။ ဒီမှိုကနေ အဆိပ်အတောက် အနည်းဆုံး (၈)မျိုးအထိ ထုတ်လုပ်ပေးပြီး၊ ထိမိသူကို ချက်ချင်း အနီးရောင်အဖုအပိမ့်တွေနဲ့၊ အရေပြား ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ စားမိပါက ဝမ်းဗိုက်နာကျင်ခြင်း၊ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ ထုံကျင်ခြင်း၊ နာရီကြာလာတာနဲ့အမျှ မျက်နှာ၊ လက်ခြေ အသားရေများ ကွာကျခြင်း၊ ဦးနှောက်ကျုံ့ခြင်းများ အဆင့်ဆင့်ဖြစ်ပေါ်ကာ သေဆုံးရမှာဖြစ်ကြောင်း James Cook University တက္ကသိုလ်မှ မှိုမျိုးစိတ်ပညာရှင် Matt Barrett က သတိပေးခဲ့ပါတယ်။

လင်းသူရိန်

SHARE