အားကစားသမားကောင်းဆိုတာ ကိုယ်ထူးချွန်တဲ့ အားကစားနယ်ပယ်မှတင် ထူးချွန်ပြောင်မြောက်နေရုံနဲ့ မပြီးပါဘူး။ ကိုယ့်ရဲ့ ပြိုင်ဖက်တွေအပေါ်အလေးထားမှု၊ အနစ်နာခံမှု၊ ကူညီရိုင်းပင်းမှု အစရှိတာတွေ အကုန်လုံးပေါင်းစပ်ပြီးမှ အားကစားသမားကောင်းတစ်ယောက်ဆိုတာ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဥပမာ ကိုယ်နဲ့ ပြေးလမ်းတစ်ခုထဲမှာ ပြေးနေတဲ့ ကိုယ့်ရဲ့ ပြိုင်ဖက်ဟာ အကြောင်းတစ်ခုခုကြောင့် ဆက်မပြေးနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင်က သူ့ကို ဖေးမကူညီပြီး သူနဲ့အတူတူပြေးတာမျိုးတွေပါ။ အခုလည်း စပိန်နိုင်ငံက အားကစားသမားတစ်ယောက်ဟာ Triathlon ကစားပွဲတစ်ခုမှာ အားကစားသမားကောင်းရဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသသွားခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Triathlon ဆိုတဲ့ အားကစားနည်းဟာ သာမန်အားကစားနည်းတစ်ခုတော့ မဟုတ်ပါဘူး။ အားကစားနည်း ၃ ခုကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားပြီး ယှဉ်ပြိုင်ရတဲ့ အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ ပထမဆုံး အကွာအဝေးတစ်ခုထိ စက်ဘီးစီးပြိုင်၊ သတ်မှတ်ထားတဲ့ နေရာရောက်တာနဲ့ စက်ဘီးကိုရပ်ပြီး ရေကူး၊ ကုန်းပေါ်တက်လာတာနဲ့ ပန်းဝင်တဲ့ နေရာအထိ တောက်လျှောက်ပြေးရတဲ့ အားကစားနည်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ Triathlon ကစားပွဲမှာ Diego Mentriga လို့ အမည်ရတဲ့ စပိန်အားကစားသမားတစ်ယောက်ဟာ တတိယနေရာပန်းဝင်ခါနီးမှ ပြေးနေတာကို ရပ်လိုက်ပြီး James Teagle လို့ အမည်ရတဲ့ ဗြိတိန်ကစားသမားကို သူ့ထက်အရင် ပန်းဝင်စေခဲ့ပြီး တတိယနေရာကို ယူခိုင်းခဲ့ပါတယ်။
When Spanish triathlete Diego Méntriga noticed that British triathlete James Teagle went the wrong way before finish line of Santander Triathlon,Mentriga waited for him so he could take what he says is his deserved 3rd place.“He was in front of me the whole time.He deserved it.” pic.twitter.com/5Mo52QZ3rJ
— GoodNewsCorrespondent (@GoodNewsCorres1) September 19, 2020
ဖြစ်စဉ်ကတော့ ပြေးလမ်းတောက်လျှောက်မှာ James ဟာ Diego ရဲ့ အရှေ့မှာ တောက်လျှောက်ပြေးနေခဲ့ပါတယ်။ ဒါပေမယ့် ပန်းဝင်ခါနီး လမ်းအကွေ့နားမှာ James ဟာ အရှိန်လွန်လမ်းမှားပြီး ပရိသတ်တွေ ကာထားတဲ့နေရာဖက်ကို ပြေးခဲ့မိပါတယ်။ အဲဒီအချိန်မှာပဲ James အနောက်က ထပ်ကြပ်မကွာ ပြေးလာတဲ့ Diego ဟာ James ကို ကျော်သွားပြီး ပန်းဝင်ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ပန်းဝင်ဖို့ ခြေတစ်လှမ်းအလိုမှာ Diego ဟာ James ကို ပြန်စောင့်ပြီး သူ့ထက်အရင်ပန်းဝင်ခိုင်းခဲ့ရှာပါတယ်။ ဝိုင်းကြည့်နေတဲ့ ပရိသတ်တွေဟာ Diego ရဲ့ လုပ်ရပ်ကို ဝမ်းသာကြည်နူးခဲ့ပြီး လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြောင်း သိရှိရပါတယ်။
The real values of SPORT in a single gesture:
James Teagle got confused on the last corner and was passed by Diego Méntrida who did this… #Respect #FairPlay https://t.co/ceGGyBfqA9
— Adrián San Miguel (@AdriSanMiguel) September 18, 2020
“James က တော်တော်ပြေးနိုင်တဲ့ လူတစ်ယောက်ပါ။ တောက်လျှောက် ကျွန်တော့်အရှေ့ကနေ ဦးဆောင်ပြီးပြေးနေတာပါ။ ဒါပေမယ့် ပန်းဝင်ခါနီးမှာ သူပြေးလမ်းချော်သွားပြီး ကျွန်တော်က သူ့ထက် အရှေ့ကို ရောက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာ ကျွန်တော့် စိတ်ထဲ တော်တော်မကောင်းခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော်ရပ်လိုက်ပြီး ကျွန်တော့်အထက်အရင် သူ့ကို ပန်းဝင်ခိုင်းလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ သူက တတိယနေရာနဲ့တစ်ကယ်ထိုက်တန်တဲ့ အားကစားသမား ဖြစ်နေတာကြောင့်ပါပဲ”လို့ Diego က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw