Avengers: Endgame ရဲ့ စံချိန်တင် ရုံဝင်ငွေနဲ့ ပတ်သတ်ပြီး ချီးကျူးခဲ့တဲ့ ဒါရိုက်တာကြီး

James Cameron Instagram/ Avater Endgame Imdb

စူပါဟီးရိုး ရုပ်ရှင်ကားဖြစ်တဲ့ Avengers: Endgame ဟာ ဒါရိုက်တာဂျိမ်းစ်ကမရွန်းရိုက်ကူးတဲ့ Avatar ရုပ်ရှင်ကို ကျော်ဖြတ်ပြီး သမိုင်းကြောင်းတစ်လျှောက်ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားနေရာမှာ ပထမချိတ်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်တစ်စုအကြာ ရုံဝင်ငွေအကောင်းဆုံး နံပတ်တစ်နေရာကို ယူခဲ့တဲ့ Avatar ရုပ်ရှင်ဟာ သမိုင်းကြောင်းတစ်လျှောက်ရုံဝင်ငွေအကောင်းဆုံး ဒုတိယနေရာကို ရောက်ရှိခဲ့ပေမယ့် ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်ကမရွန်းကတော့ ဒီလိုAvengers: Endgame က  ကျော်ဖြတ်သွားနိုင်တာကို ချီးကျုးစကား ပြောဆိုခဲ့ကြောင်း Deadline အွန်လိုင်းစာမျက်နှာက ဖော်ပြသွားခဲ့ပါတယ်။

 

အခုအချိန်မှာ ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဂျိမ်းစ်ကမရွန်းဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးခဲ့ရမှာ အလွန်နာမည်ကြီးပါတယ်။ ဒီလို နံပတ်ရုံဝင်ငွေအကောင်းဆုံးနေရာမှာ သူ့ရဲ့ ရုပ်ရှင်ကားကို ဖယ်ရှားပေးခဲ့ရပေမယ့် သမိုင်းကြောင်းတစ်လျှောက် ရုံဝင်ငွေအများဆုံး ရုပ်ရှင်ကားစာရင်းထဲမှာ သူ ရိုက်ကူးတဲ့ ရုပ်ရှင်ကားနှစ်ကားပါဝင်နေဆဲပါ။ ပထမကားက ၂၀၀၉ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Avatar ရုပ်ရှင်ဖြစ်ပြီး ဒုတိယကားကတော့ အားလုံးကြည့်ဖူးလောက်မယ်လို့ ထင်ရတဲ့ တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ Avatar ဟာ နံပတ်နှစ် နေရာမှာ ရှိပြီး Titanic ကတော့ နံပတ်သုံးနေရာမှာ ရပ်တည်နေဆဲပါ။

Avater/Imdb

အခုအချိန်မှာတော့ Avatar 2  ရိုက်ကူးဖို့အတွက် နယူးဇီလန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒီလို Avengers: Endgame  က Avatar ကို ကျော်တက်သွားပြီး နံပတ်တစ်နေရာ ရောက်သွားခြင်းသတင်းဟာ ဂျိမ်းစ်ကမရွန်းကို စိတ်ပျက်သွားစေပါသလား ဒါမှမဟုတ် ဝမ်းနည်းသွားစေပါသလား။ နှစ်ခုစလုံးတစ်ခုမှမဟုတ်ပါဘူး။ ဒါ့အပြင် ဒီသတင်းကြားကြားချင်းပဲ မာဘယ်လ်ကုမ္ပဏီရဲ့ CEO ဖြစ်သူနဲ့ မာဘယ်လ်မှာ အလုပ်လုပ်နေကြတဲ့ လူတိုင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာများကနေ တစ်ဆင့် ချီးကျုးစကားတွေ ချက်ချင်း ပြောဆိုရေးသားခဲ့ပါတယ်။

Avengers Endgame/imdb

အဆိုပါ ချီးကျုးချက်ကတော့ “တကယ့် တိုက်တန်းနစ်သင်္ဘောကြီးကို နစ်မြုပ်စေခဲ့တာ ရေခဲတောင်တစ်ခုပါ။ ကျနော် ရိုက်တဲ့ တိုက်တန်းနစ်ရုပ်ရှင်ကားကို နစ်မြုပ်စေခဲ့တာတော့ Avengers တွေပါပဲ။ ကျနော်တို့ရဲ့ Lightstorm Entertainment ကနေပြီးတော့ ခင်ဗျားတို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ အောင်မြင်မှုကို အလေးပြုပါတယ်။ ဒီအောင်မြင်မှုက ရုပ်ရှင်လောကကြီးအသက်ဆက်ရှင်နေသေးတယ်ဆိုတာကို ပြရုံသာမက ပိုပြီးတော့တောင် ကြီးမားကျယ်ပြန့်လာသေးတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်” ဖြစ်ပါတယ်။

Titanic/Imdb

ဒီအကြောင်းနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက ဂျိမ်းစ်ကမရွန်းကို မေးမြန်းခဲ့ရာမှာ “ဒီလို ကျော်ဖြတ်သွားနိုင်တာ ကျနော့်ကို မျှော်လင့်ချက်အများကြီးဖြစ်စေခဲ့တယ်။ လူတွေ ရုပ်ရှင်ရုံတွေထဲကို သွားပြီး ရုပ်ရှင်ကြည့်နေဆဲဆိုတာ Avengers: Endgame က အကောင်းဆုံးသက်သေပဲ၊ ကျနော် အခု ရိုက်နေတဲ့ Avatar 2 နဲ့ Avatar 3 တို့အတွက် ကျနော် စိုးရိမ်နေတာက လူတွေ ရုပ်ရှင်ရုံတွေထဲ ရုပ်ရှင်သွားကြည့်ဖြစ်သလားဆိုတဲ့ မေးခွန်းပဲ။ အခုတော့ ဒီလို Avatar ကို ကျော်ဖြတ်ပြီး ရုံဝင်ငွေအကောင်းဆုံးနေရာကို ရောက်သွားတယ်ဆိုတာက ကျနော့်ကို မျှော်လင့်ချက်အများကြီးဖြစ်စေခဲ့တယ်”လို့ ဆိုပါတယ်။

ဂျိမ်းစ်ကမရွန်းရဲ့ Avatar 2 ရုပ်ရှင်ဟာ လာမယ့် ၂၀၂၁ ဒီဇင်ဘာ ၁၇ မှာ ရုံတင်မယ်လို့ ကြေငြာထားပါတယ်။ Avatar 2 ဟာ အရင် Avatar လို သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ရုံဝင်ငွေအများဆုံး ရုပ်ရှင်ကားနေရာမှာ နံပတ်တစ်ကို ပြန်လည်ချိတ်ဆွဲနိုင်ဦးမလားဆိုတာကိုတော့ လာမယ့် ၂၀၂၁ မှာ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

Ye Yint Kyaw

SHARE