Disney ရဲ့ Logo ကို အတုခိုးပြီး ခရီးသွားတွေကို ဆွဲဆောင်ဖို့ကြိုးစားနေတဲ့ တရုတ်မြို့

Dalian Bureau of Culture and Tourism

ကမ္ဘာကျော် Walt Disney ဇာတ်ကားတွေနဲ့ ရင်းနီးခဲ့ကြသူတိုင်း၊ Disney ရဲ့ Logo လေးကို အမှတ်ရနေပါလိမ့်မယ်။ ယနေ့အချိန်ထိလည်း လူငယ်ထုအကြိုက် ရုပ်ရှင်ကားတွေကို ဖန်တီးထုတ်လုပ်နေဆဲဖြစ်ပြီး၊ ဝင်ငွေအကောင်းဆုံး ရုပ်သံကုမ္ပဏီထဲမှာလည်း ထိပ်သီးစာရင်းမှာ ရပ်တည်နေဆဲပါ။

အခု တရုတ်နိုင်ငံက Liaoning ပြည်နယ်၊ Dalian မြို့ကတော့ သူတို့မြို့ကို ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိပိုကျလာစေဖို့ Disney ရဲ့ Logo ကို တုပပြုလုပ်ပြီး စွဲဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာကော သတင်းမီဒီယာတွေထက်မှာပါ ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

Disney Logo မှာ အသုံးပြုခဲ့တဲ့ Font စာလုံးကိုတောင် အပြောင်းအလဲ မပြုလုပ်ဘဲ Dalian မြို့ရဲ့ Logo ကို ဖန်တီးထားတာပါ။ ဒီဇင်ဘာလ(၁၁)ရက်နေ့က Dalian မြို့ရဲ့ ခရီးသွားလုပ်ငန်းမြင့်တင်ရေး Logo ပြိုင်ပွဲမှာ ဒီအငြင်းပွားဖွယ်ရာ Logo ဟာ ဆုဆွတ်ခူးနိုင်ခဲ့ခြင်းကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။

The Walt Disney Company

Logo ကို ဖန်တီးသူကတော့ Su Zhanying လို့အမည်ရပြီး Dalian Yinji Tourism Culture Development Company မှာ တာဝန်ထမ်းဆောင်နေသူပါ။ သူမကို အခုအချိန်မှာ အများကလည်း ဝိုင်းဝန်းဝေဖန်နေကြပြီး၊ D,A,I,N မှာသုံးထားတဲ့ Font စာလုံးတွေဟာ Disney ရဲ့ Font စာလုံးကို ပုံတူတိတိကျကျ ကူးချထားတာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

နောက်ပြီး Logo မှာ ပါဝင်တဲ့ မီးပြတိုက်၊ ဝေလငါးအမြှီးနဲ့၊ ရေပြင်ပုံစံကလည်း အခြား Logo တွေဆီကနေ Copy လုပ် ရယူထားပြီး Su ဖန်တီးထားတဲ့ ကိုယ်ပိုင်ရေးဆွဲမှုမဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြနေပါတယ်။ ဆုရရှိခဲ့တဲ့ Logo ကို ခရီးသွားတွေဆွဲဆောင်တဲ့နေရာမှာ တရားဝင်အသုံးပြုမှာဖြစ်ပြီး၊ City Logo of Dalian လို့တောင် ဒေသခံသတင်းတွေမှာ တင်စားထားတာပါ။

Dalian Bureau of Culture and Tourism

ဖြတ်ညှပ်ကပ်သမားလို့ ဗြောင်ကျကျ စွပ်စွဲခံထားရတဲ့ Su ဟာ သူမရဲ့ Logo က ဆုတံဆိပ်ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ယွမ်(၃၀၀၀၀) ဆုငွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်းဝေဖန်တဲ့အသံတွေ ကျယ်လောင်လာတဲ့အတွက် Dalian’s Bureau of Culture and Tourism အဖွဲ့က ယခုကိစ္စကို ပြန်လည်စစ်ဆေးနေကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေအရ ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ တစ်ပါးသူရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်ကိုလည်း စောင့်ထိန်းရမည်ဖြစ်ကြောင်း ဖော်ပြထားတဲ့အတွက် ဒီကိစ္စဟာ Su အတွက် အတော်လေးကို ဘေးကျပ်နံကျပ် ဖြစ်စေမယ်လို့ ယူဆရပါတယ်။ အကြောင်းကတော့ သူမဟာ ဒီ Logo ကို ဖန်တီးဖို့ တရားဝင်မှတ်ပုံတင်ထားတဲ့ အခြား Logo တွေကို ဖြတ်ညှပ်ကပ် လုပ်ခဲ့လို့ ဖြစ်ပါတယ်။

 

လင်းသူရိန်

SHARE