မကြာခင်မှာ ဒီဇင်ဘာလထဲကို ရောက်လာတော့မှာပါ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာလထဲ တစ်ကမ္ဘာတစ်ခုလုံးနီးပါး ပါဝင်ဆင်နွှဲကြတဲ့ ပွဲတော် ၂ ခုရှိနေပါတယ်။ တစ်ခုကတော့ ခရစ်စမတ်နဲ့ နောက်တစ်ခုကတော့ နှစ်သစ်ကူးပွဲတော်ပါပဲ။
ခရစ်စမတ်ဟာ ခရစ်ယာန်တို့ရဲ့ အထွတ်အမြတ်ထားရတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပေမယ့်လို့ တခြားဘာသာဝင်တွေဟာလည်း ဒီကနေ့ကို တရားဝင်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြကာ တစ်ချို့ဆိုရင် ပါဝင်ဆင်နွှဲနေတဲ့သူတွေလည်း ရှိလို့နေပါတယ်။ ခရစ်စမတ်နားနီးလာလေ ခရစ်စမတ်နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေစတာတွေလည်း အမြဲတမ်း အသစ်ထွက်လာနေကျပါပဲ။ အခုလည်း Disney ကနေပြီးတော့ ခရစ်စမတ်နဲ့ ပတ်သက်ပြီး ၃ မိနစ်သာကြာတဲ့ short video လေးတစ်ခုကို ထုတ်ပေးလာခဲ့ပါတယ်။

၁၉၄၀ ခုနှစ်မှာပေါ့။ Lola ဆိုတဲ့ ကလေးမလေးတစ်ယောက်ဟာ မိခင်နဲ့အတူတူ ဖခင်ပြန်လာတာကို စောင့်နေခဲ့ပါတယ်။ ခရစ်စမတ်ကာလဖြစ်တဲ့အတွက် Lola လေးကို အဖေဖြစ်သူက ခရစ်စမတ်လက်ဆောင်လေးပေးလာခဲ့ပါတယ်။ အဲဒါကတော့ Disney ရဲ့ နာမည်ကြီးဇာတ်ကောင် Mickey Mouse လေးပါ။ နောက် ၂၀၀၅ ခုနှစ် ရောက်သွားခဲ့ပါပြီ။ Lola ဟာလည်း အဖွားအရွယ်ဖြစ်သွားခဲ့ပြီး မြေးမလေးတစ်ယောက်နဲ့ အတူတူနေနေခဲ့ပါတယ်။
သူမငယ်ငယ်တုန်းက ဖခင်ဖြစ်သူပေးခဲ့တဲ့ ခရစ်စမတ်လက်ဆောင် Mickey Mouse အရုပ်လေးကို မြေးမလေးကို ပေးခဲ့ပါတယ်။ နောက်တော့ မြေးအဖွားနှစ်ယောက် ခွေးပေါက်လေးတစ်ကောင်နဲ့ ခရစ်စမတ်အတွက် ကြယ်လေးတွေပြင်ဆင်နေခဲ့ပါတယ်။ ဒီလိုနဲ့တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲသွားတဲ့အချိန်မှာ မြေးမလေးဟာလည်း အရွယ်ရောက်လာခဲ့ပါပြီ။ လူကြီးလုံးလုံးဖြစ်သွားတဲ့အချိန်မှာတော့ မြေးမလေးဟာ Lola ကို ခရစ်စမတ် decoration တွေ အတူတူကူလုပ်ဖို့ မအားတော့ပါဘူး။

လူငယ်ဘဝဖြစ်တဲ့အလျောက် အိမ်အပြင်ဖက်မှာလည်း လုပ်စရာကိစ္စတွေလည်းရှိနေပါပြီ။ ဒါကြောင့် အဖွားဖြစ်သူကို အရင်ကလိုမျိုး အဖော်မပြုပေးနိုင်တော့တဲ့အတွက် Lola တစ်ယောက်တည်း အိမ်မှာ အထီးကျန်စွာ ဖြတ်သန်းရပါတော့တယ်။ ဒါပေမဲ့ မြေးမလေးပြန်ရောက်လာတဲ့အချိန်မှာတော့ အဖွားဖြစ်သူရဲ့ အဖြစ်ကို တွေးမိသွားပြီးတော့ စိတ်မကောင်းဖြစ်ကာ တစ်ညလုံးတစ်ယောက်တည်း ခရစ်စမတ်ကြယ်လေးတွေကို ဆင်ပေးထားခဲ့ပါတယ်။


ဒီ animation အတိုလေးကို ကြည်ခြင်းအားဖြင့် မိမိတို့ဘဝမှာ မိသားစုအတွက်ကိုလည်း အချိန်ပေးနိုင်သလောက် ပေးဖို့နဲ့ အသက်ကြီးလေလေ ပိုပြီး အထီးကျန်ဆန်လေးဖြစ်တတ်တဲ့ သဘဝတရားကြီးကိုလည်း လူငယ်တွေအနေနဲ့ သိနားလည်ထားသင့်ကာ အုပ်ထိန်းသူ လူကြီးမိဘတွေကိုလည်း မေ့မထားသင့်ပါဘူးဆိုတဲ့ အတွေးလေးတော့ ဝင်မိသွားစေခဲ့ပါတယ်။
penny