ရေဆင်းပိုက်အပေါက် မပိတ်အောင် ဒီလိုအရာတွေဆို ရေဆင်းပေါက်ထဲ မထည့်သင့်ပါ….

pexels/ Kaboompics .com

အိမ်တွေမှာ ဘေစင်က ရေဆင်းပေါက်တွေ ပိတ်နေတဲ့အခါမျိုးမှာ သိပ်စိတ်ညစ်ရပါတယ်။ ကရိကထများသလို တစ်ခါတစ်လေ ပိုက်ပြင်သမားခေါ်ပြင်ရတာလည်း ဈေးကြီးပေးရပါတယ်။ ဒီတော့ ကိုယ့်အိမ်ထဲက ဘေစင်မှာ အညစ်အကြေးတွေစုပြီး ဂျီးမပိတ်ရလေအောင် အောက်မှာ ဖော်ပြထားတဲ့ အရာတွေကို ရေဆင်းပိုက်အပေါက်ထဲ လောင်းမထည့်မိစေဖို့ သတိပြုသင့်ပါတယ်။ Asiaone သတင်းဌာနကနေတဆင့် ကိုးကားဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

ကြက်ဥခွံများ

ကြက်ဥခွံတွေကို ကြေမွအောင် ချေပြီးမှ ရေဆင်းပိုက်ထဲ ထည့်လိုက်ရင် ဘာမှမဖြစ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကြက်ဥခွံတွေရဲ့ ရှထက်တဲ့ အပိုင်းအစလေးတွေဟာ ရေဆင်းပိုက်ကနေ ဆင်းလာတဲ့ အခြားအရာတွေနဲ့ ကပ်ငြိနိုင်ပါတယ်။ ကြာလာတဲ့အခါမှာတော့ ရေဆင်းပေါက် ပိတ်လာနိုင်တာ ဖြစ်ပါတယ်။

pexels/Kaboompics .com

ဂျုံမှုန့်များ

ဂျုံဟာ ရေနဲ့ ထိတွေ့တဲ့အခါ နို့နှစ်လိုမျိုး အနှစ်တွေဖြစ်တတ်ပါတယ်။ ဒီအနှစ်တွေကြောင့်ပဲ ရေဆင်းပေါက်ပိုက်တွေက ပိတ်ကုန်ရတာပါ။ ဒါကြောင့် ဂျုံမှုန့်ကို သုံးပြီးလို့ ပိုလျှံတဲ့အခါ လွှင့်ပစ်ချင်ရင် အမှိုက်ပုံးထဲကိုသာ စွန့်ပစ်လိုက်ပါ။ တကယ်လို့ ဂျုံမှုန့်တွေကို အပြင်မှာ အကြာကြီး လေသလပ်ခံထားပြီးလို့ ပြန်သိမ်းချင်ရင်တော့ ရေခဲသေတ္တာထဲမှာ (၄၈) နာရီလောက် ကြာအောင်ထားပြီးမှ ခြောက်သွေ့အေးမြတဲ့နေရာမှာ သိမ်းဆည်းနိုင်ပါတယ်။

READ
ကလေးတွေ အမေအနားမှာရှိတဲ့အချိန်ဟာ အသောင်းကျန်းဆုံးအချိန်ဖြစ်ဟုဆို

အဆီများ

ဟင်းချက်ဆီ၊ ထောပတ်၊ မယိုးနစ်နဲ့ အခြားဆီထွက်ကုန်ပစ္စည်းတွေကိုလည်း ဘေစင်ထဲ ထည့်သွန်လိုက်တာမျိုး မပြုလုပ်သင့်ပါဘူး။ ဒီအဆီတွေက ရေဆင်းပိုက်ထဲ စုပြုံတာ များလာရင် ပိုက်ပိတ်သွားပါလိမ့်မယ်။ အကြောင်းရင်းကတော့ ဆီတွေဟာ အေးတဲ့အခါမှာ ခဲသွားပြီး ပိုက်အတွင်းမှာ ပြိုကွဲဖို့ဟာ ခက်ခဲသွားပါတယ်။ ဒါကြောင့် ဟင်းချက်ပြီးတဲ့အခါ ကိုယ်မသုံးတော့တဲ့ ကျန်တဲ့ အဆီပိုတွေကို ခွက်လေးတစ်လုံးထဲထည့်ပြီး နောက်နေ့သုံးဖို့ ချန်တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း အိတ်တစ်လုံးထဲလည့်ပြီး အမှိုက်ပုံးထဲ ထည့်လွှင့်ပစ်တာမျိုးပဲ ဖြစ်ဖြစ် စွန့်ပစ်သင့်ပါတယ်။

pexels/Pixabay

ကော်ဖီအနယ်များ

တစ်ခါတစ်လေမှာ စာဖတ်သူတွေဟာ ကော်ဖီသောက်ပြီးရင် ခွက်ထဲကျန်တဲ့ အနှစ်တွေကို အမှိုက်ပုံးထဲ မပစ်ပဲ ဘေစင်မှာပဲ အလွယ်တကူ ဆေးကြောလိုက်တာမျိုး ရှိနိုင်ပါတယ်။ ကော်ဖီအနယ်တွေက တကယ်တော့ ရေဆင်းပိုက်တွေထဲ စွန့်ပစ်ဖို့ မသင့်တဲ့ အရာတွေပါ။ သူတို့က ရေကို အများကြီးစုပ်ယူနိုင်တဲ့အပြင် အနယ်အနှစ်တွေက စွန့်ပစ်တာ များလာလေလေ ၄င်းတို့ရဲ့ ထုထည်က ပိုပိုကြီးလာပြီး ရေဆင်းပိုက်ကို ပိတ်ဆို့စေနိုင်တဲ့အတွက် ဖြစ်ပါတယ်။

READ
ရိုးရှင်းပြီးပိုက်ဆံမကုန်ဘဲ အလွယ်တကူပြုလုပ်ထားတဲ့ အိမ်တွင်းဖြစ်ပရိဘောဂပစ္စည်းများ

သစ်သီးတွေပေါ်မှာကပ်ထားတဲ့ ဈေးနှုန်းကပ်ခွာများ

ဈေးဝယ်တဲ့အခါ ပစ္စည်းတွေမှာ ကပ်ထားတဲ့ ဈေးနှုန်းကပ်ခွာတွေဟာ ပလတ်စတစ်နဲ့ လုပ်ထားတာပါ။ သူ့ဘာသာသူ ဇီဝနည်းနဲ့ မပြိုကွဲနိုင်ပါဘူး။ တကယ်လို့ ပိုက်ထဲမှာ ဒီလို ဈေးနှုန်းကပ်ခွာတွေ များနေပြီဆိုရင်လည်း ရေဆင်းပေါက်ပိတ်နိုင်ပါတယ်။ ဒါကြောင့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ၊ အသီးအနှံတွေ ဆေးကြောတဲ့အခါ သူတို့ဆီမှာ ကပ်ထားတဲ့ ဈေးနှုန်းကပ်ခွာတွေကို သေချာဖယ်ပြီးမှ ဘေစင်မှာ စနစ်တကျ ရေဆေးကြောသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE