လမ်းဘေးခွေး(၂၀၀)ကို အစာကျွေးနိုင်ဖို့ လုပ်ခလစာတွေ အသုံးပြုခဲ့တဲ့ဆရာဝန်

Facebook / Muhamad Taqiyudin Zainal Ulum

ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာတစ်ဦးဟာ သူရဲ့ လစာငွေတွေကို အသုံးပြုပြီး လမ်းဘေးခွေး အကောင်(၂၀၀)ကျော်ကို တက်နိုင်သလောက် ကျွေးမွေးပြုစုခဲ့ရာ၊ လူမှုကွန်ရက်မှာ အများရဲ့ဝေဖန်မှုကို ခံနေရတယ်လို့ သိရပါတယ်။ သူကတော့ ဝေဖန်သံတွေကို ဂရုမစိုက်ပါဘူးတဲ့။

ဒေါက်တာရဲ့အမည်ကတော့ Muhamad Taqiyudin Zainal Ulum ဖြစ်ပြီး အသက်(၃၁)နှစ် ဖြစ်ပါတယ်။ သူ့ကို ဝေဖန်နေတာကို သူ ဂရုမစိုက်နိုင်အားဘူးလို့ ပြောပါတယ်။ ပြီးတော့ ခွေးတွေဟာ တစ်ခြားတိရိစ္ဆာန်တွေလိုပဲ စောင့်ရှောက်သင့်တယ်၊ ကျွေးမွေးပြီး သူတို့ အသက်တွေ ဆက်ပြီးရှင်စေသင့်တယ်လို့ မြင်တယ်လို့ ပြောပါတယ်။

သူ့အဆိုအရတော့ ခွေးတွေသာမက၊ အသက်ရှိတဲ့ ဝက်တွေနဲ့ တစ်ခြားတိရိစ္ဆာန်လေးတွေဟာ လူတွေစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ခွေးတွေကို အစားအစာ ဘယ်အချိန်ကတည်းက စကျွေးခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ဒေါက်တာ Zainal က (၂၀၁၅)ခုနှစ်ကတည်းက စတင်ခဲ့တာလို့ ပြောပါတယ်။

အဲဒီတုန်းက ခြေထောက်ကျိုးနေတဲ့ ခွေးလေးတစ်ကောင်ဟာ သူ့အိမ်ကို အစာလာတောင်းခဲ့ကြောင်း၊ အဲဒီကတည်းက အကူအညီမဲ့နေတဲ့ လမ်းဘေးခွေးတွေကို သူ တက်နိုင်သလောက် ကူညီစောင့်ရှောက်ခဲ့တယ်လို့ ပြောပါတယ်။ ခြေထောက်ကျိုးနေတဲ့ ခွေးလေးကိုလည်း တိ/ကုဆရာဝန်ဆီမှာပြပြီး ကုပေးခဲ့ပါသတဲ့။

Facebook / Taqiyudin Zainal Ulum

အဲဒီနောက် ခွေးလေးက သူ့အိမ်ကနေ မပြန်တော့ဘဲ၊ ယနေ့ထက်တိုင် အိမ်မွေးခွေးအဖြစ်နဲ့ နေထိုင်နေဆဲလို့ ပြောပါတယ်။ သူရဲ့ လုပ်ရပ်က လူမှုကွန်ရက်မှာ ဝေဖန်ခံရရုံတင်မက၊ အိမ်နီးနားချင်းတွေ နှာခေါင်းရှုံ့တာကို ခံခဲ့ရပါတယ်။ အထူးသဖြင့် ခွေးတွေဟာ ဒေါက်တာ့အိမ်အနားက မခွာတော့ဘဲ၊ ညဘက်နေ့ဘက် ဆူညံလွန်းတယ်လို့ ဆိုကြပါတယ်။

တစ်ချို့ကလည်း ခွေးတွေကို မကျွေးဖို့ လူကိုယ်တိုင် လာပြောတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူကတော့ ကောင်းတာလုပ်တာကို၊ အကောင်းပဲ မြင်တယ်လို့ ဒေါက်တာ Zainal ကို အားပေးခဲ့ပါတယ်။ ဒါကြောင့် သူကလည်း အိမ်နီးနားချင်းတွေရဲ့ ငြူစူမှုကို ဂရုမစိုက်ဘဲ၊ ခွေးလေးတွေကို ဆက်ပြီး ကျွေးမွေးနေဆဲပါ။

Facebook / Taqiyudin Zainal Ulum

လင်းဇော်ကို

SHARE