Deta လို့ အမည်ရတဲ့ ခွေးမလေးဟာ သူမရဲ့ မူလသခင်မဖြစ်သူ သေဆုံးသွားတဲ့အတွက် အလွန်ဝမ်းနည်း ပူဆွေးနေပြီး လက်ရှိသခင်မဖြစ်သူက အိမ်ကိုပြန်ခေါ်တာတောင်မှ ပြန်လိုက်ဖို့ ဆန္ဒမရှိဘဲ တအီအီနဲ့ ညည်းညူနေရှာတယ်လို့ ဆိုပါတယ်။ လက်ရှိသခင်မ Theresa Morini ဟာ အရင်ပိုင်ရှင်ရဲ့ သမီးအရင်း ဖြစ်ပါတယ်။

Theresa ဟာ စက်တင်ဘာလကမှ ကွယ်လွန်သွားတဲ့ မိခင်ကိုယ်စား ခွေးမလေး Deta ကို စောင့်ရှောက်နေပါတယ်။ မိခင်ရဲ့ အုတ်ဂူရှိရာကို ခွေးမလေး Deta ကို ခေါ်သွားတိုင်း ခွေးမလေးဟာ မျက်နှာမသာမယာနဲ့ သူမရဲ့ သခင်မအရင်းရဲ့ အုတ်ဂူဘေးမှာ ဝပ်နေလေ့ရှိပါတယ်။
Theresa ရဲ့ ဖခင်ကတော့ အသက်(၈၅)ဖြစ်ပြီး ခွေးမလေးရဲ့ သခင်မအပေါ် မမေ့နိုင်ပုံ သစ္စာရှိပုံအကြောင်းကို အလွန်အံသြနေတယ်လို့ ဆိုပါတယ်။ Theresa ဟာ ဒီဗွီဒီယိုဖိုင်လေးကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ Theresa ရဲ့အဆိုအရ ခွေးမလေးကို သင်္ချိုင်းကနေ ပြန်လည်ခေါ်ဆောင်တဲ့အခါမှာ လိုက်ဖို့ ငြင်းဆန်တယ်လို့ ဆိုပါတယ်။

ထိုစဉ်က သူမရဲ့ ခင်ပွန်းနဲ့ မိခင်ကို အမှတ်တရ လွမ်းစွတ်လို့ သွားရောက်ဂါရဝပြုခဲ့ကြတာပါ။ အိမ်ပြန်ချိန်မှာ ခွေးမလေးကို ကားပေါ်ကို တက်ခိုက်တဲ့အခါမှာ ခွေးမလေးဟာ ကားပေါ်ကနေ သခင်မအဟောင်းရဲ့ အုတ်ဂူဆီကို ပြေးဆင်းပြီး နေမြဲအတိုင်း နေတယ်လို့ ဆိုပါတယ်။
ဗွီဒီယိုထဲမှာ Theresa က ခွေးမလေးရဲ့ ဖြစ်အင်ကိုကြည့်ပြီး ” အို ဘုရားရေ … ဒါ ငါ့ကို ငိုချင်ရက်လက်တို့လိုက်တာပဲ Deta ရေ … Deta … Deta “လို့ အော်ခေါ်သံကို ကြားရပါတယ်။ တကယ်တော့ ခွေးဆိုတဲ့ သတ္တဝါဟာ သူရဲ့သခင်တွေ၊ သူခင်ရတဲ့ လူတွေကို နှစ်ပေါင်းများစွာ မှတ်မိနိုင်ပြီး၊ ထူးခြားတဲ့ အချစ်နဲ့သံယောဇဉ်ခံစားစိတ်ကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါလေးတွေ ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)
source : metro.co.uk