လှေမှောက်နေတဲ့သခင်ကိုကယ်ဖို့ (၁၁) နာရီကြာရေကူးပြီး အကူအညီရှာခဲ့တဲ့ ခွေးမလေး

Credit: Queensland Police

သြစတေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်က ရေပြင်တစ်ခုမှာ လှေမှောက်ပြီး ဒုက္ခရောက်နေတဲ့ သခင်ကိုကယ်တင်ခဲ့တဲ့ ဟီးရိုးခွေးလေးအကြောင်း အခုလို သိရပါတယ်။ Ladbible သတင်းအရ ခွေးလေးဟာ ဟေဒီအမည်ရှိတဲ့ ဂျာမန်သိုးထိန်းခွေးအမျိုးအစား ဖြစ်ပါတယ်။ ဟေဒီကို မော်တွန်ပင်လယ်အော်ထဲမှာ ဖြတ်သန်းသွားလာရင်း ရေကူးနေတဲ့ ငါးဖမ်းသမားတစ်ဦးက အရေးပေါ်သေတ္တာဘူး၊ ရေကူးဝတ်စုံနဲ့ ဆီတိုင်ကီတွေကြားထဲ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Queensland Police

ငါးဖမ်းသမားဟာ ချက်ခြင်းပဲ သက်ဆိုင်ရာအာဏာပိုင်တွေဆီ အကြောင်းကြားကာ ဟေဒီရဲ့သခင်ကို ရှာဖွေဖို့ လုပ်ခဲ့ပါတယ်။ ကွင်းစ်လန်းရဲတွေက ချက်ချင်းပဲ ကယ်ဆယ်ရေးဟယ်လီကော်ပတာတွေ၊ ရဲသင်္ဘောတွေ၊ ဂျက်စကီတွေနဲ့ ပိုက်စိပ်တိုက်အရှာထွက်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဟေဒီရဲ့သခင် အမျိုးသားကို (၄.၁) မီတာအလျားရှိတဲ့ မှောက်နေတဲ့လှေတစ်စီးပေါ်မှာ တွဲလောင်းခိုနေတာကို တွေ့လိုက်ရပါတယ်။ ရေနစ်ခါနီးဆဲဆဲဖြစ်နေတဲ့ ၄င်းအမျိုးသားဟာ အသက် (၆၃) နှစ်အရွယ်ဖြစ်ပါတယ်။ သိရတာက လွန်ခဲ့တဲ့ညတုန်းက သူ့ရဲ့ယာဉ်ဟာ ပါဝါအားကုန်ပြီးတဲ့နောက်ပိုင်း တဖြည်းဖြည်းရေထဲနစ်ဝင်ဝင်လာခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။

READ
ကိုယ်ပိုင်အားထုတ်မှုနဲ့ အသက်ငယ်ဆုံး သန်းကြွယ်သူဌေးဖြစ်လာခဲ့သူ
Queensland Police

ထူးခြားတာက အမျိုးသားကြီးဟာ ရေထဲမှာ(၁၅) နာရီကြာအောင် နေပြီး အကူအညီအလာကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ ဟေဒီဟာ ညဘက်ကြီး မှောင်မဲနေတဲ့ ရေပြင်ထဲမှာ (၁၁) နာရီကျော်လောက်ကြာအောင် ရေကူးပြီး တစ်ယောက်ယောက်ကို အကူအညီသွားတောင်းခဲ့တာ ဖြစ်ကြောင်း အမျိုးသားကြီးက ဆိုပါတယ်။

စီနီယာဆာဂျင်ကြီးဂျေးဘဲစတောင်းကတော့ ရေထဲသွားလာနေတဲ့ လှေသင်္ဘောတွေကို အဆိုးဆုံးအခြေအနေထိ ပြင်ဆင်ထားကြဖို့ တိုက်တွန်းထားပါတယ်။ ဟေဒီကိုတော့ ရေထဲကနေ ကယ်တင်လာအပြီးမှာ တိရစ္ဆာန်ဆရာဝန်နဲ့ သွားပြပေးခဲ့ပါတယ်။ ပြီးနောက်မှာတော့ ကျန်းမာတဲ့ ဟေဒီကို အစားအသောက်တွေ ကျွေးမွေးထားပြီး တာဝန်ရှိသူတွေက သူ့သခင်အလာကို စောင့်ဆိုင်းစေခဲ့ပါတယ်။ ကွင်းစ်လန်းရဲတပ်ဖွဲ့ကတော့ ခွေးမလေးဟေဒီကို တစ်နေ့တာအတွက် ချီးကျူးဂုဏ်ပြုထိုက်တဲ့ ခွေးလေးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဒါကတော့ ခွေးလေးတွေဟာ လူသားတွေအတွက်တော့ အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်ဆိုတာကို သိမြင်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

READ
အသတ်ခံရတာ (၂)နှစ်ကြာပြီးမှ အလောင်းကို အိပ်ခန်းထဲမှာတွေ့

လင်းလင်း (ShweMom)

SHARE