ခွေးမွေးထားသူတွေက သာမန်လူတွေထက်ပိုပြီးအသက်ရှည်သတဲ့

Twitter/Heartone

ခွေးတွေဟာ လူတွေအတွက် မိတ်ဆွေကောင်း အဖော်ကောင်းတွေဖြစ်သလို၊ သခင်အန္တရာယ်ကြုံလာရင်လည်း အသက်စွန့်ကယ်ဆယ်ပေးတတ်ကြတဲ့ တိရိစ္ဆာန်တွေပါ။ ဒါ့အပြင်လူတွေရဲ့ကျန်းမာရေးဘက်ကိုပါ အထောက်အကူပြုစေနိုင်တယ်ဆိုတာကို သိလာရပါပြီ။ သုတေသနပညာရှင်တွေရဲ့လေ့လာစမ်းသပ်မှုတွေအရ ခွေးမွေးတဲ့လူတွေဟာ အသက်တိုနှုန်း(၂၄)ရာခိုင်နှုန်းလျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါဟာ နှစ်(၇၀)နီးပါး ကမ္ဘာတစ်ဝန်းသုတေသနစမ်းသပ်ချက်တစ်ခုပါ။

 

သုတေသီတွေက မိတ်ဆွေတွေဆီမှရရှိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး အမေရိကန်၊ ကနေဒါ၊ Scandinavia၊ နယူုးဇီလန် ၊သြစတြေးလျ နဲ့ United Kingdomတို့မှာရှိတဲ့ လူလေးသန်းနီးပါးကို လေ့လာစမ်းသပ်ကြည့်ခဲ့တဲ့အခါခွေးပိုင်ရှင်တွေဟာ သေဆုံးနိုင်ခြေ(၂၄)ရာခိုင်နှုန်း လျော့နည်းနေတာကိုတွေ့ရှိခဲ့တယ်လို့ Torontoတက္ကသိုလ်ရဲ့ ဆေးဘက်ဆိုင်ရာနဲ့ဇီဝဖြစ်စဉ်ဌာနမှ လက်ထောက်ပါမောက္ခ Kramer ဆိုပါတယ်။

 နှလုံးရောဂါ၊ လေဖြတ်တာတွေနဲ့ပတ်သက်ပြီးလည်း ကျန်းမာရေးအကျိုးကျေးဇူးကောင်းတွေရှိကြောင်း လေ့လာမှုတွေထဲမှာ တွေ့ရှိခဲ့ပါတယ်။

 ခွေးမွေးထားသူတွေဟာ နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် (၃၁)ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။

ဆွီဒင်အမျိုးသားနဲ့ အမျိုးသမီးသုံးသိန်းကျော်ကို လေ့လာလိုက်တဲ့အခါ နှလုံးရောဂါနဲ့လေဖြတ်တာတွေခံစားခဲ့ရရင်တောင် ခွေးရှိတဲ့သူတွေက ကျန်းမာရေးပိုကောင်းလာကြတယ်လို့သိရပါတယ်။ အဲဒီထက် ထူးခြားတာက တစ်ယောက်ထဲနေတဲ့ခွေးပိုင်ရှင်တွေက ပိုပြီး အကျိုးကျေးဇူးကောင်းတွေရှိတယ်လို့ဆိုပါတယ်။

နှလုံးရောဂါနဲ့လေဖြတ်တာတွေဟာ ကမ္ဘာတစ်ဝန်းမှာ သေဆုံးမှု အများဆုံးရောဂါ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ထုတ်ပြန်ချက်အရ သိထားရပါတယ်။

Khaing

SHARE