နွားတွေရဲ့တင်ပါးမှာ ‘မျက်လုံးပုံ’ရေးဆွဲခြင်းက အကျိုးသက်ရောက်မှုရှိကြောင်း ပညာရှင်များဆို

University of New South Wales

သုတေသနပညာရှင်တစ်သိုက်ကတော့ နွားတွေရဲ့တင်ပါးမှာ မျက်လုံးပုံ ရေးဆွဲထားခြင်းက၊ ယင်းနွားတွေအတွက် အကျိုးသက်ရောက်မှုတွေ မြောက်များစွာ ရှိစေတယ်လို့ ထောက်ခံချက် ပေးလိုက်ပါတယ်။ နွားတွေရဲ့တင်ပါးမှာ မျက်လုံးပုံရေးတယ်ဆိုတာ သာမန်အတွေးနဲ့ ကြောင်စီစီနိုင်တယ်၊ ရယ်စရာဖြစ်တယ်လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။

တကယ်က ဒီလို လုပ်ခြင်းအားဖြင့် နွားတွေကို တောကောင်ကြီးတွေ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ တောကောင်ကြီးတွေဟာ ပုံမှန်မဟုတ်တဲ့ နွားတွေရဲ့တင်ပါးတွေကို ကြည့်ပြီး ထိတ်လန့်ကာ ထွက်ပြေးကြရပါသတဲ့။ ဒီသုတေသနကို ပညာရှင်တွေက (၄)နှစ်ကြာ အချိန်ယူပြီး လုပ်ခဲ့တာဖြစ်ပါတယ်။

University of New South Wales

သိပ္ပံပညာရှင်တွေဟာ ဘော့စ်ဝါနာသားရိုင်းတောတွေထဲမှာ မတူညီတဲ့ ခြေလေးချောင်းသတ္တဝါ (၁၄)မျိုးကို စမ်းသပ်ခဲ့တာဖြစ်ပြီး၊ အဆိုပါဒေသတွေမှာ သားကောင်ကြီးတွေက ကြီးနိုင်ငယ်ညှဉ်းနဲ့ နိုင်ရာနိုင်ရာစားပြီး၊ ဘဝတွေကို ကြမ်းတမ်းစွာ ဖြတ်သန်းနေကြပါတယ်။ အထူးသဖြင့်တော့ ခြင်္သေ့၊ ကျားသစ်၊ သစ်ကျုက်၊ အာဖရိက တောခွေးရိုင်းတွေက ခြယ်လှယ်တာကို ခံနေရတာပါ။

University of New South Wales (UNSW) မှ သုတေသနပညာရှင်တွေဟာ နွားရိုင်း၊ မြင်းကျား၊ တောကျွဲ၊ စိုင် စတဲ့သတ္တဝါတွေကို အုပ်စုသုံးစုစီခွဲလိုက်ပါတယ်။ ပထမအုပ်စုကို ပီပြင်တဲ့မျက်လုံးပုံ တင်းပါးနှစ်ဖက်မှာ ထင်းနေအောင်ဆွဲလိုက်ပါတယ်။ ဒုတိယအုပ်စုကိုတော့ မျက်လုံးပုံနဲ့ ခပ်ဆင်ဆင်လေး ဆွဲလိုက်ပါတယ်။ တတိယအုပ်စုကိုတော့ ကြက်ခြေခတ် ဆွဲလိုက်ပါတယ်။

အဲဒီမှာ အထူးခြားဆုံးရလဒ်က မျက်လုံးပုံဆွဲထားတဲ့ ခြေလေးချောင်းသတ္တဝါတွေဟာ တောကောင်ကြီးတွေရဲ့လက်ကနေ လွတ်ခဲ့တာပါပဲ။ အတိအကျပြောရရင် အဲဒီသတ္တဝါတွေဟာ တောကောင်ကြီးတွေ အစားမခံရတဲ့အပြင်၊ တောကောင်ကြီးတွေကတောင် လန့်ဖြန့်ပြီး ပြေးရပါသတဲ့။

နောက်ထပ်ထူးခြားချက်ကတော့ တင်ပါးမှာ ကြက်ခြေခတ်ဆွဲခံခဲ့ရတဲ့ သတ္တဝါတွေဟာ သာမန်ကျွဲနွားတွေနဲ့မခြား၊ တောကောင်ကြီးတွေရဲ့ပါးစပ်ဖျားမှာ အသက်ပေးကြရတာပါဘဲ။ ဒါပေမယ့် မျက်လုံးပုံနဲ့ဆင်တူ ဆွဲပေးခဲ့တဲ့ သတ္တဝါတွေအတွက် ဘယ်လိုရလဒ်တွေ ထွက်ပေါ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Nature.com

သိပ္ပံပညာရှင်တွေအနေနဲ့ ဒီစိတ်ကူးစိတ်သန်းတွေ ဘယ်ကရသလဲဆိုတော့ တချို့လိပ်ပြာတွေ၊ ငှက်တွေမှာ မျက်လုံးပုံစံတွေနဲ့ ဆင်တူတဲ့ သဘာဝအမွေးအရောင်တွေ ပါဝင်ကြပါတယ်။ အဲဒီတိရစ္ဆာန်တွေအနေနဲ့ ဒီလိုအရောင်အသွေးကြောင့် သူတို့ကို အနိုင်ကျင့်မယ့်၊ ဒါမှမဟုတ် စားသောက်မယ့် သတ္တဝါတွေကို အနည်းနဲ့အများ အဟန့်အတား ပြုနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီနည်းကို ယူကေပညာရှင်တွေက စမ်းသပ်ကြည့်ခဲ့တာပါ။

အခြားတစ်ဖက်က တွေးရင်လည်း သားကောင်ချောင်းနေတဲ့ ကြီးနိုင်ငယ်ညှဉ်းသတ္တဝါတွေအနေနဲ့ ဧရာမမျက်လုံးပုံကြီးကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာ သူတို့ကို စောင့်ကြည့်နေတယ်လို့ အထင်ရှိသွားရာကနေ ဒီသတ္တဝါတွေကို ဖမ်းဆီးစားသောက်ဖို့ မရွေးချယ်ကြတော့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုနည်းကို မြင်လိုက်တာနဲ့ စိတ်ထဲမှာ ကြိတ်ရယ်ချင်စိတ် ပေါက်သွားမှာ အမှန်ပါဘဲ။ သို့သော်လည်း အခြားအကျိုးထူးတစ်ခု ရှိပါသေးတယ်။ ဒါကတော့ တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေးသမားတွေအတွက်ပါ။ ဒီလို မျက်လုံးပုံတွေ တင်ပါးမှာ ခြယ်ခြင်းအားဖြင့် စာရိတ်သက်သက်သာသာနဲ့ ၎င်းတို့ မွေးမြူထားတဲ့ သတ္တဝါတွေကို ကာကွယ်နိုင်မှာလို့ ဆိုပါတယ်။

လင်းဇော်ကို

SHARE