ရေအလွန်အမင်းသောက်ခြင်းဟာ သေစေသည်အထိ ဖြစ်နိုင်ကြောင်း ပညာရှင်များသတိပေး

Freepik/Smartside

လက်တလောမှာ ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါသတင်းတွေဟာ ကျန်းမာရေးသတိရှိသူတွေကို ခြောက်လှန့်နေပါတယ်။ တရုတ်ကနေ အစပြုလိုက်တဲ့ Coronavirus ကူးစက်မှုကလည်း တစ်ရန်ပါပဲ။Influenza A နဲ့ H1N1 ကဲ့သို့သော် ဗိုင်းရပ်စ်တွေကိုတော့ ရေများများသောက်ခြင်းနဲ့ ရေဓာတ်ပြည့်ဝနေအောင် နေခြင်းဖြင့်ကာကွယ်နိုင်မယ်လို့  တော်တော်များများကတော့ တွေးနေကြမှာပါ။

သို့သော်လည်း ရေများများ သောက်ခြင်းဟာ အများထင်ထားသလောက် မကောင်းပါဘူး။ မကောင်းတာက ဘယ်လောက်ထိလဲဆိုရင် အသက်ကိုတောင် အန္တရာယ်ပြုနိုင်ပါတယ်တဲ့။ မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်တွစ်တာအကောင့်ဖြစ်တဲ့ Kementerian Kesihatan Malaysia Putrajaya (KKM) မှာတော့ သူတို့ပြည်သူတွေကို မလိုအပ်ဘဲ ရေအများကြီး မသောက်ဖို့ ညွှန်ကြားထားပါတယ်။

 

သူတို့ ညွှန်ကြားချက်ထဲမှာ ရေကို မလိုအပ်ဘဲ အလွန်အကျွံသောက်မယ်ဆိုရင် Hyponatremia သို့မဟုတ် ရေဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ Hyponatremia ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်တွင်းမှာ မလိုအပ်တဲ့အရည်ပိုတွေ ပိုများလာတဲ့အတွက် သွေးတွင်း ဆိုဒီယံဓာတ် Level ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အန္တရာယ်များလွန်းတဲ့ အခြေအနေပါ။

သွေးတွင်းမှာ ဆိုဒီယံပမာဏ အလွန်အမင်းကျဆင်းသွားပြီဆိုရင် (၁) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်လာမယ်၊ (၂) ခေါင်းတွေကိုက်မယ်၊ (၃) ပျို့မယ်/အန်မယ်၊ (၄) အားအင်ကုန်ခမ်းမယ်၊ (၅) ကြွက်တက်တာတွေ ဖြစ်မယ်၊ (၆) လေငန်းဖြတ်သလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ တစ်ချို့အခြေအနေတွေမှာ Coma ဖြစ်ခြင်းနဲ့ အသက်သေဆုံးခြင်းကိုပင် ဖြစ်စေနိုင်ပါတယ်။

 

၎င်းတွစ်တာပို့စ်မှာ လူတစ်ယောက် ရေသောက်သင့်တဲ့ ပမာဏကတော့ တစ်ရက်မှာ ရေ(၆)ခွက်မှ (၈)ခွက်အထိသာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း ကိုယ်လက်လှုပ်ရှားသူတွေ၊ ဒါမှမဟုတ် ရာသီဥတုအခြေအနေကြောင့် စောစောက ပမာဏထက် လိုအပ်လို့ပိုသောက်တာမျိုးကတော့ ကောင်းပါတယ်။

ဒါပေမယ့် တော်တော်များများအနေနဲ့ ကိုယ်သောက်တဲ့ ရေပမာဏ များနေပြီလားဆိုပြီး ဘယ်လိုလုပ် သိနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိလာခဲ့ပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတွေကတော့ သူတို့ ရေသောက်ပုံကို မှတ်ချက်ရေးမျှဝေတာမျိုးတွေ ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူကတော့ ဆီးအရောင် ကြည်လင်မှုရှိမရှိကိုကြည့်ပြီး ရေသောက်သင့်တယ်လို့ ပြောခဲ့သလို၊ အခြားတစ်ဦးကတော့ ခန္ဓာကိုယ်အလေးချိန်အလိုက် ရေကို ထိန်းညှိသောက်သုံးသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

လင်းသူရိန်

SHARE