ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ Gevora Hotel

ခရီးသွားရတာ နေရာဆန်းဆန်းလေးကို သဘောကျတဲ့ Shwemom စာဖတ်သူတွေအတွက် ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ရဲ့ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီဟိုတယ်ကတော့ UAE နိုင်ငံ ဒူဘိုင်းမှာ တည်ရှိတာပါ။ စံချိန်တင်မြင့်မားတဲ့ အဆောက်အဦအများစုဟာ ဒူဘိုင်းမှာ တည်ရှိပါတယ်။ ဒီဟိုတယ်ကိုတော့ (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖွင့်လှစ်ခဲ့တာပါ။ ဒီဟိုတယ်ကတော့ မိသားစုတွေနဲ့ ဒူဘိုင်းရဲ့အရမ်းစည်ကားတဲ့ nightlife ကနေ ခဏတာရှောင်ထွက်ပြီးအေးအေးဆေးဆေး အနားယူအပန်းဖြေချင်တဲ့ ခရီးသွားတွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာပါ။

Gevora Hotel  ရဲ့ အရောင်ကတော့ ရွှေရောင်အဆင်းရှိပြီး အထပ်ကတော့ (၇၅)ထပ်ပါရှိပါတယ်။ အတိုင်းအတာ အရွယ်အစား အမြင့်ကတော့ (၃၅၆.၃၃)မီတာ ရှိပါတယ်။ ပထမထပ်ကနေ (၇၁)ထပ်အထိ ဟိုတယ်အခန်းပေါင်း (၅၂၈)ခန်းရှိပါတယ်။ (၄)နှစ်လောက် အချိန်ယူဆောက်လုပ်ခဲ့ရတာပါ။ အစပိုင်းတုန်းကတော့ အထပ်မြင့်ဟိုတယ်ဆောက်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ လူနေအိမ်အဆောက်အဦဆောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းကျမှ ဟိုတယ်အဖြစ် ပြောင်းဆောက်ခဲ့တာပါ။ (၇၁)ထပ်မှာတော့ Outdoor ရေကူးကန်တစ်ခု၊ စားသောက်ဆိုင် (၄)ဆိုင်၊ Spa၊ Health club နဲ့ Bathtub တို့ ရှိပါတယ်။

Gevora Hotel က မိသားစုလိုက်ခရီးသွားသူတွေနဲ့ ဒူဘိုင်းရဲ့ မြို့လယ်ခေါင်မှာ အေးအေးဆေးဆေး အပန်းဖြေနားချင်သူတွေအတွက် ရည်ရွယ်ထားတာပါ။ ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ Jairaj Gorsia ကတော့ အိမ်လိုပဲ ခံစားရစေမယ့် ဟိုတယ်ပါလို့ ညွှန်းထားပါတယ်။ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ဆိုလို့ ဈေးအရမ်းကြီးမယ်လို့ထင်ရင်တော့ မှားပါတယ်။ သူပေးတဲ့ Service နဲ့ယှဉ်ရင် ဈျေးနှုန်းသက်သာပါတယ်။ ပျှမ်းမျှအားဖြင့် အခန်းခ စရိတ်ဟာ တစ်ညကို အမေရိကန်ဒေါ်လာ (၁၉၁)ဒေါ်လာပဲ ကျသင့်မှာ ဖြစ်တာကြောင့် ဈေးနှုန်းက သက်သာတယ်လို့ ပြောလို့ရပါတယ်။ အရင်က ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် စံချိန်တင်ခဲ့တဲ့ ဟိုတယ်ကတော့ J W Marriott Marquis Dubai  ဖြစ်ပြီး သူ့ရဲ့ အမြင့်ကတော့ (၃၅၅.၃၅)မီတာ ဖြစ်ပြီး အခုဟိုတယ်ကတော့ (၃၅၆.၃၃)မီတာ ဖြစ်တာကြောင့် အမြင့်ကတော့ အရမ်းကြီးကွာခြားချက်မရှိပါဘူး။

READ
သြစတေးလျနဲ့ ပတ်သက်လို့ ကြုံတွေ့ရမယ့် ထူးထူးခြားခြား အချက်များ

Source guinnessworldrecords.

SHARE