ပိုးသတ်ဆေးမဝယ်နိုင်တဲ့ ဆင်းရဲသားတွေကို နှိမ်လိုက်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

(Robinson Ninal Jr./Malacanang Presidential Photographers Division via AP)

အငြင်းပွားဖွယ်ရာ မှတ်ချက်စကားတွေကြောင့် ရုပ်သံကွန်ရက်နဲ့ သတင်းမီဒီယာထက်မှာ မကြာခဏ ပွဲဖြစ်လေ့ရှိတဲ့ ဖိလစ်ပိုင်သမ္မတဒူတာတေးကတော့ ဒီတစ်ခါ သူရဲ့ မှတ်ချက်စကားကြောင့် စိတ်ဆင်းရဲသူတွေ ရှိနေမှာ အမှန်ပါ။ ကိုဗစ်ကာလအတွင်း Mask တွေကို သန့်ရှင်းရေးပြန်လုပ်ဖို့ ပိုးသတ်ဆေးမဝယ်နိုင်တဲ့ ဆင်းရဲသားတွေကို အကြံဉာဏ်ပေးခဲ့တာပါ။

သူက “အဲဒီ Mask ကို ဓာတ်ဆီ … ဒါမှဟုတ် ဒီဇယ်နဲ့ ရွှဲရွှဲစိုအောင် လောင်းလိုက် … ကျွန်တော်ပြောမယ် .. အဲဒီ ခွေးမသား ကိုဗစ်ဆိုတာ ဘာအခွင့်ရေးမှ ရမှာမဟုတ်ဘူး … ”လို့ ပြောခဲ့ပါတယ်။ သူပြောတဲ့စကားတွေကြောင့် လူမှုကွန်ရက်မှာ ဝေဖန်သူတွေ ရှိလာခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနက သမ္မတအနေနဲ့ ဟာသအဖြစ် ပြောခဲ့တာလို့ ဆိုပါတယ်။

(Simeon Celi Jr./Malacanang Presidential Photographers Division via AP)

ဒါပေမယ့် သမ္မတဒူတာတေးဟာ ပြီးခဲ့တဲ့သောကြာနေ့(၃၁.၇.၂၀၂၀)က သူ့ရဲ့ရုပ်မြင်သံကြား မိန့်ခွန်းမှာ သူက ဟာသအဖြစ် နောက်ခဲ့တာမဟုတ်ကြောင်း တကယ်အတည်ပြောခဲ့တာဖြစ်ကြောင်း ထပ်မံအတည်ပြုခဲ့လို့ ဝေဖန်သံတွေ ပိုပြီးဆူညံလာခဲ့ပါတယ်။

သမ္မတဒူတာတေးက “ သူတို့က ကျုပ်ကို ပြောကြတယ် … ဒီလူ ရူးနေပြီတဲ့ … အတော်တုံးတဲ့လူတွေ… ကျုပ်သာရူးနေရင် ခင်ဗျားတို့  သမ္မတဖြစ်သင့်တာပေါ့ … ကျုပ်ပြောတာ မှန်နေတာပဲဗျ … တကယ်လို့ အယ်လ်ကိုဟော မရနိုင်ရင် ဆင်းရဲသူတွေအဖို့ ဓာတ်ဆီဆိုင်သွား ဓာတ်ဆီဝယ်ပြီး၊ ပိုးသတ်ဆေးအဖြစ် သုံးသင့်တယ်လို့ ပြောခဲ့တာ …”လို့ ပြောခဲ့ပါတယ်။

သူက “ ဒါ ကျွန်တော် နောက်နေတာ မဟုတ်ဘူး … ကျွန်တော် မနောက်ဘူး … ခင်ဗျားတို့ ကျုပ်ကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ကြတာ … ”လို့ ပြောခဲ့ပါတယ်။ ဒူတာတေးဟာ သူ့ရဲ့ ဒဲ့ဒိုးပြောစကားတွေကြောင့် လူကြိုက်များသူတွေ ရှိသလို၊ သဘောမကျသူတွေလည်း ရှိပါတယ်။

တော်တော်များများကတော့ သူ့ရဲ့စကားတွေကို လူ့အခွင့်အရေးဆိုင်ရာ အချက်တွေနဲ့ စံထိုးကြပြီး၊ ဝေဖန်ထောက်ပြတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒူတာတွေဟာ အမျိုးသမီးဆိုင်ရာ အခွင့်ရေးတွေ၊ မဟာမဝါဒီတွေရဲ့ အထူးမျက်မုန်းပွားခြင်း ခံရသူဖြစ်ပြီး၊ နိုင်ငံတွင်း အတိုက်အခံတွေကိုလည်း မထီမဲ့မြင်ပြုလေ့ရှိသူလို့ နာမည်ကြီးပါတယ်။

လင်းသူရိန်

SHARE