ကြက်သားစားသုံးခြင်းနဲ့ ကင်ဆာဟာ ဆက်စပ်နေကြောင်း လေ့လာချက်တစ်ခုက ဆို

Pexels/samer daboul

ကြက်သားနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ ကင်ဆာရောဂါကြားမှာ ဆက်စပ်မှုရှိနေကြောင်း သုတေသနပညာရှင်တွေက ဖော်ပြထားတာကို 9news သတင်းအရ သိရပါတယ်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အသက် (၃၇) နှစ်ကနေ (၇၃) နှစ်အတွင်း အသီးသီးရှိတဲ့ ဗြိတိန်လူဦးရေ (၄၇၅,၄၈၈) ရဲ့ အသားစားသုံးမှုပုံစံကို (၅) နှစ်ကြာ လေ့လာခဲ့ကြပါတယ်။

Pexels/ Roger Cziwerny

သုတေသနပြုလုပ်နေတဲ့အတောအတွင်း လူပေါင်း (၂၃,၀၀၀) တို့မှာ ကင်ဆာရောဂါတစ်မျိုးမျိုး ဖြစ်ပွားလာတာကို တွေ့ရှိခဲ့ရပြီး အရေပြားပေါ်မှာ အမည်းအကွက် အပြောက်တွေ ပေါ်လာတာ၊ ဆီးကြိတ်ကင်ဆာနဲ့ အခြားကင်ဆာရောဂါတွေဟာလည်း ကြက်သားစားသုံးမှုနဲ့ဆက်စပ်နေတယ်ဆိုပြီး ပညာရှင်တွေက အဖြေထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သြစတေးလျနိုင်ငံ Australian Chicken Meat Federation မှ မနှစ်က ထုတ်ပြန်တဲ့ အချက်အလက်အရတော့ နှစ်စဉ် နှစ်တိုင်း လူတစ်ဦးဟာ ကြက်သား (၄၇.၇) ကီလိုဂရမ်စားသုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အခုလို ကြက်သားစားသုံးမှုနဲ့ ကင်ဆာဟာ ဆက်စပ်နေတယ်ဆိုတဲ့ တွေ့ရှိချက်အပေါ်မှာ ဆစ်ဒနီအခြေစိုက် ဆရာဝန်တစ်ဦးဖြစ်တဲ့ ပန်နီအေဒမ်က လူတွေကို သိပ်ပြီး မစိုးရိမ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

READ
ဆေးလိပ်သောက်ခြင်းထက်တောင် ကျန်းမာရေးကို ပိုပြီးထိခိုက်စေနိုင်တဲ့ အိမ်မှုကိစ္စတစ်ခု
Pexels/Daisy

သူမက “အောက်ဆီဂျင်ရှူတာနဲ့ လူသေတာဟာလည်း ဆက်စပ်မှုရှိတာပဲလေ။ အောက်ဆီဂျင်ရှူတဲ့ လူတိုင်းကလည်း အကုန်သေကြတာပါပဲ။ ဒီတော့ ကြက်သားစားတဲ့သူတွေကလည်း အရက်ပိုသောက်နိုင်ခြေ များချင်များနေမယ်။ ဒါလဲ ဆက်စပ်မှုပဲ။ အခုလေ့လာချက်က အကြောင်းအရာတစ်ခုနဲ့တစ်ခုက ဆက်စပ်နေတယ်လို့ ဆိုချင်တာပါ။ ကြက်သားတွေက တကယ်ပဲ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တိတိကျကျ တွေ့ရှိချက်လည်း မရှိသေးပါဘူး…” လို့တော့ ရှင်းပြခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ သုတေသနပညာရှင်တွေဟာ ကြက်သားစားခြင်းနဲ့ ကင်ဆာကြားထဲက ဆက်နွယ်မှုကို ဆက်လက်အဖြေရှာဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE